အောက်ပါလင့်များကို နှိပ်ပြီးဖတ်နိုင်ပါတယ်
နအဖ ထုတ်ပြန်သောရွေးကောက်ပွဲဥပဒေများအပေါ်သုံးသပ်ချက်
ကျနော့်၏ ဒုတိယအကြိမ်မြန်မာပြည်ခရီးစဉ်ကတော့ ပြီးဆုံးခဲ့ပါပြီ။

စဉ် | အမည် | ယခင်ရာထူး | ယခုပါတီတာဝန် |
၁ | ဦးထွန်းရီ | ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) | ဥက္ကဋ္ဌ |
၂ | ဦးသန်းတင် | ဒု-ဝန်ကြီးချုပ်၊ သတ္တုတွင်းဝန်ကြီး | အထွေထွေအတွင်းရေးမှူး |
၃ | ဦးခင်မောင်ကြီး | ကုန်သွယ်ရေးဝန်ကြီး | တွဲဖက်အထွေထွေအတွင်းရေးမှူး |
၎ | ဦးချစ်လှိုင် | ဒုကာကွယ်ရေးဦးစီးချုပ်-ရေ(ငြိမ်း) | ဗဟိုအလုပ်အမှုဆောင်ကော်မတီနိုင်ငံခြားရေးဝန်ကြီး |
၅ | ဦးလှထွန်း | ဗိုလ်မှူးချုပ်(ငြိမ်း) | ဗဟိုအလုပ်အမှုဆောင်ကော်မတီဆောက်လုပ်ရေးဝန်ကြီး |
၆ | သူရဦးစောဖြူ | ဒုကာကွယ်ရေးဦးစီးချုပ်-လေ(ငြိမ်း)၊ သယ်ယူပို့ဆောင်ရေးဝန်ကြီး | ဗဟိုအလုပ်အမှုဆောင်ကော်မတီ |
၇ | ဦးထွေးဟန် | မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ | အတွင်းရေးမှူး |
၈ | ဦးသိန်းငွေ | ဗိုလ်မှူးကြီး(ငြိမ်း) | ဗဟိုအလုပ်အမှုဆောင်ကော်မတီ |
၉ | ဦးဗန်ကူး | ဗိုလ်မှူးကြီး(ငြိမ်း) | ဗဟိုအလုပ်အမှုဆောင်ကော်မတီ |
၁၀ | ဦးစောကျော်ခင်ဝင်း | ဒုတိယဗိုလ်မှူးကြီး(ငြိမ်း) | ဗဟိုအလုပ်အမှုဆောင်ကော်မတီ |
၁၁ | ဦးထွန်းရင်လော | ဒုတိယဗိုလ်မှူးကြီး(ငြိမ်း) | ဗဟိုအလုပ်အမှုဆောင်ကော်မတီ |
၁၂ | ဦးခင်မောင်ကျော် | အငြိမ်းစားဗိုလ်မှူးချုပ် | ဗဟိုအလုပ်အမှုဆောင်ကော်မတီ |
၁၃ | ဦးအေးစံ | ဗိုလ်မှူးချုပ်(ငြိမ်း) | ဗဟိုအလုပ်အမှုဆောင်ကော်မတီ |
၁၄ | ဦးသန်းလှ | ဗိုလ်မှူးကြီး(ငြိမ်း) | ဗဟိုအလုပ်အမှုဆောင်ကော်မတီ |
၁၅ | ဦးစိန်ရ | ဒုဝန်ကြီး(သယ်ယူပို့ဆောင်ရေး-ငြိမ်း) | ဗဟိုအလုပ်အမှုဆောင်ကော်မတီ |
၁၆ | ဦးအောင်ဝင်း | မွေး/ရေဒုဝန်ကြီး၊ ဗိုလ်မှူးကြီး(ငြိမ်း) | ဗဟိုအလုပ်အမှုဆောင်ကော်မတီ |
၁၇ | ဦးမြမောင် | ဗဟိုအလုပ်အမှုဆောင်ကော်မတီ | |
၁၈ | ဒေါ်မေမေအောင် | ဗဟိုအလုပ်အမှုဆောင်ကော်မတီ | |
၁၉ | ဦးဟန်ရွှေ | ဗဟိုအလုပ်အမှုဆောင်ကော်မတီ | |
၂၀ | ဦးထွန်းရီ | ဗဟိုအလုပ်အမှုဆောင်ကော်မတီ | |
၂၁ | ဦးစိန်အောင် | ဗိုလ်မှူးကြီး(ငြိမ်း) | ဗဟိုအလုပ်အမှုဆောင်ကော်မတီ |
၂၂ | ဦးဖေလိန်းမောင် | ဗဟိုအလုပ်အမှုဆောင်ကော်မတီ | |
၂၃ | ဦးရဲဝင်း | ဗိုလ်မှူးကြီး(ငြိမ်း) | ဗဟိုအလုပ်အမှုဆောင်ကော်မတီ |
သတင်းထုတ်ပြန်ချက်
(မေလ ၁၀၊ ၂၀၁၀)
ကျနော့်၏ ဒုတိယအကြိမ်မြန်မာပြည်ခရီးစဉ်ကတော့ ပြီးဆုံးခဲ့ပါပြီ။
နှစ်ရက်ကြာဤခရီးစဉ်အတွင်း၊ ကျွန်တော်သည် မြန်မာပြည်က၊ နိုင်ငံရေး၌ပါဝင်ပတ်သက်နေသူ အတော်များများနှင့် တွေ့ဆုံခဲ့ပါ သည်။ နေပြည်တော်တွင်၊သိပ္ပံနှင့်နည်းပညာဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးနှင့် ပြောခွင့်ရအာဏာပိုင်အဖွဲ့၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အလုပ်သမား ရေးရာဝန်ကြီးနှင့် ကြံ့၊ ဖွံ့အဖွဲ့ တို့နှင့် ဆွေးနွေးတိုင်ပင်မှုများပြုလုပ်ခဲ့ပါသည်။
ရန်ကုန်မြို့တွင်လည်း၊ လူမျိုးစုအဖွဲ့များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင်အချို့၊ အဓိကကျသည့် သံတမံအဖွဲ့ဝင်များ၊ အင်န် ဂျီ အို များ၊အခြားသော နိုင်ငံရေး မှာပါဝင် ဆောင်ရွက်နေကျသူများအပြင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ကျွန်တော်တွေ့ဆုံခဲ့ပါသည် ။
ဤခရီးစဉ်သည် ယမန်နှစ်က စတင်ခဲ့သည့် အိုဘားမားအစိုးရလုပ်ငန်းစဉ်၏ အစိတ်အပိုင်းဖြစ် ပါသည်။ ၁၀၀၉ ခုနှစ် ဖေဖေါ်ဝါရီလက၊ နိုင်ငံခြားရေးဝန်ကြီး မစ္စက် ကလင်တန်သည် မြန်မာပြည်ဆိုင်ရာ ကျွန်တော်တို့၏မူဝါဒကို ပြန်လည်သုံးသပ်မည်ဟု ကြေညာခဲ့ပြီး မြန်မာဗိုလ်ချုပ်များအပေါ် သြဇာသက်ရောက် စေရေးအတွက် ပိတ်ဆို့အရေးယူမှုသက်သက် ဆောင်ရွက်ခြင်း ဖြင့်သော်လည်းကောင်း၊ ထိတွေ့ဆက်ဆံရေးသက်သက် ကျင့်သုံးဆောင်ရွက်ခြင်းဖြင့်သော်လည်းကောင်း အောင်မြင်မှု မရှိခဲ့ကြောင်းကို ရှင်းရှင်းလင်းလင်းထုတ်ဖေါ် ပြောဆိုခဲ့ပါသည်။ ထိုသို့ ၇ လကြာ မူဝါဒဆန်းစစ်သုံးသပ်မှုပြုခဲ့ပြီး၊ ကမ္ဘာတ၀ှမ်းနှင့် နိုင်ငံတ၀ှမ်း မှ အကောင်းဆုံးသော အယူအဆများကိုရရှိစေရန်အလို့ငှာ ကျွန်တော်တို့ ကျယ်ကျယ်ပြန့်ပြန့် တိုင်ပင် ဆွေးနွေးခဲ့ကြပါသည်။ ထိုသုံးသပ်မှု၏ အကျိုးရလာဒ်မှာ မြန်မာခေါင်းဆောင်များနှင့် လက်တွေ့ဆန်သော ထိတွေ့ဆက်ဆံရေးမူဝါဒ ကျင့်သုံးသွားဖို့ပင်ဖြစ်ပါသည်။ ကျွန်တော်တို့က မြန်မာအစိုးရနှင့် အဆင့်မြင့်ဆွေးနွေးမှုများပြုလုပ်ပြီး ထိတွေ့ဆက်ဆံရေးကို ဆောင်ရွက်ခဲ့ပါ သည်။ ကျွန်တော်တို့အနေဖြင့် ပိတ်ဆို့အရေးယူမှုများကို မဖယ်ရှား သေးသကဲ့သို့ မြန်မာပြည်သူများအတွက် ကတိက၀တ်ပြုဆောင်ရွက်မှုများကိုလည်းစွန့်လွှတ်လိုက်ခြင်းမရှိပါ။ ၄င်း၏ပြည်သူများ၊ ၄င်း၏ အိမ်နီးချင်းနိုင်ငံများနှင့် ငြိမ်းချမ်းစွာနေထိုင်သည့် ချမ်းသာကြွယ်ဝပြီး ဒီမိုကရေစီ ရှိသည့်မြန်မာနိုင်ငံမျိုး ကိုမြင်တွေ့လိုသည့် ကျွန်တော်တို့၏ မဟာဗျူဟာရည်မှန်းချက်များသည်လည်း ပြောင်းလဲ ခြင်းမရှိပါ။
အမေရိကန်ပြည်ထောင်စုသည် ချစ်ကြည်မှုစိတ်ဓာတ်အရင်းခံဖြင့် ဤထိတွေဆက်ဆံရေးမူဝါဒ ကိုချည်းကပ်ခဲ့ခြင်းဖြစ်ပါသည်။ ကျွန်တော်တို့သည် အာဆီယံ၊ ဥရောပသမဂ္ဂ၊ အဖွဲ့များထဲမှ အရေးပါသည့်နိုင်ငံများအပါအ၀င်။အိန္ဒိယ၊ ဂျပန်၊ တရုတ် နှင့် အခြားနိုင်ငံများအပြင် မြန်မာပြည်၏ ကောင်းမွန်သောအနာဂတ်ကို တွေ့မြင်လိုကြသည့်အစိုးရပြင်ပမှ ဆောင်ရွက်နေသည့်ပုဂ္ဂိုလ်များနှင့် တိုင်ပင်ညှိနှိုင်းမှုများ၊ အနီးကပ်ပူးပေါင်းဆောင်ရွက်မှု များ ဆက်လက်လုပ်ဆောင်လျှက်ရှိပါသည်။
ကျွန်တော်၏မြန်မာပြည်ခရီးစဉ် အဓိက ရည်ရွယ်ချက်မှာ ကျွန်တော်တို့၏ ထိတွေ့ဆက်ဆံရေး ရည် ရွယ်ချက်နှင့် မူဝါဒများကို ထင်ထင်ရှားရှားသိရှိစေဖို့ နှင့် ယနေ့အထိ မြင်တွေ့နေရသည့် အလွန်စိတ်ပျက် ဘွယ်ရာ ဖြစ်ရသည့်အကြောင်းရင်းများကို တင်ပြဖို့ပင်ဖြစ်ပါသည်။
မြန်မာအဆင့်မြင့်ခေါင်းဆောင်များနှင့် ဆွေးနွေးမှုအတော်များများတွင် မြန်မာနိုင်ငံမှာရှိသည့် နိုင်ငံ ရေးတွင်ပါဝင်ပတ်သက်သည့် ကာယကံရှင်များအကြား ယုံကြည်ကိုးစားရသည့် တွေ့ဆုံဆွေးနွေးပွဲတခု ပြုလုပ်ဖို့ အဆိုပြုတင်ပြခဲ့ပါသည်။ ယင်းဆွေးနွေးမှနေ၍့ ဘက်အားလုံးပါဝင်သည့် သိက္ခာရှိသောတွေ့ဆုံ ဆွေးနွေးပွဲမျိုးဖြစ်သွားစေဖို့ဖြစ်ပါသည်။ ကံအကြောင်းမလှစွာပင် စစ်အစိုးရသည် အခြားအရေးပါသည့် ကာယကံရှင်များနှင့် ညှိနှိုင်းတိုင်ပင်ခြင်းမရှိပဲ ယခုနှစ်တွင်စီစဉ်ထားသည့် ရွေးကောက်ပွဲများကို တဖက်သတ်
ရှေ့ဆက်လုပ်သွားမည့် လမ်းကိုရွေးချယ်ခဲ့ပါသည်။ တိုက်ရိုက်အကျိုးရလာဒ်အနေဖြင့်၊ ယနေ့တိုင် ကျွန်တော်တို့ မြင်တွေ့နေရသည်များက၊ဤရွေးကောက်ပွဲများသည် နိုင်ငံတကာတရားဝင်မှုကင်းမဲ့နေသည်ဟု ထင်မြင်လာစေမှာဖြစ်သည်။ ရွေးကောက်ပွဲများမကျင်းပမီ ကျန်သည့်အချိန်ကာလအတွင်း တွေ့ဆုံဆွေးနွေး
ရေးလုပ်ငန်း စဉ်များဖွင့်ပေးရန် ခြေလှမ်းများ အမြန်လှမ်းရန် ကျွန်တော်တို့အနေဖြင့်တိုက်တွန်းပါသည်။
လူ့အခွင့်အရေးများကို ပိုမိုလေးစားဖို့ နှင့် နိုင်ငံရေးအကျဉ်းသားများကိုပြန်လည်လွှတ်ပေးရန် အတွက်လည်းကျွန်တော်တို့တိုက်တွန်းပါသည်။ ၄င်းတို့တိုင်းပြည်၏ စည်ပင်သာယာဝပြောသောအနာဂတ် ကိုအာမခံစေရန် အတိုင်းအတာ ကြီးမားစွာပါဝင်ဆောင်ရွက်ပေးနိုင်သည့် မြန်မာနိုင်ငံ၏ ထူးချွန်ထက်မြက်ဆုံး သော၊ တိုင်းချစ် ပြည်ချစ်စိတ်အရှိဆုံးသောပုဂ္ဂိုလ်များကို အစိုးရက ဖမ်းဆီးထိန်းသိမ်းထားပါသည်။ အစိုးရသည် ၄င်းတို့အား ပြန်လည်လွှတ်ပေးရမည့်အစား၊ တိုင်းပြည်အနှံ့ရှိ ဝေးလံခေါင်သီလှသော
နေရာများသို့ ဖြန့်ခွဲပို့ပြီး ၄င်းတို့၏ အသံများ တိတ်ဆိတ်သွားအောင်လုပ်နေသည်။ ထိုနေရာများ တွင်
ပို့ထားခြင်းအားဖြင့် ၄င်းတို့အားလူတွေက မေ့မေ့ပျောက်ပျောက်ဖြစ်သွားကြလိမ့်မည်ဟု ဗိုလ်ချုပ်များက မျှော်လင့်ကြသည်။ ၄င်းတို့အား လူများကမေ့ပျောက်ခြင်းမရှိကြပါ။
နယ်စပ်ဒေသများတလျှောက် အကြမ်းဖက်မှုများကိုဖြစ်ပေါ်စေသည့်၊ လူမျိုးစုများနှင့် ဗဟိုအစိုးရ အကြားတင်မာမှုများအပေါ် ကျွန်တော်တို့အနေဖြင့် မကြာခဏဆိုသလို စိုးရိမ်မကင်းဖြစ်ရပါသည်။ အစိုးရသည် ရွေးကောက်ပွဲများအတွက် ပြင်ဆင်မှုများလုပ်နေစဉ်မှာပင် လူမျိုးစုများအပေါ် ဖိအားပေးမှုများ တိုးမြှင့်လုပ်ဆောင်လာပြီး၊ မရေမတွက်နိုင်သည့် အပြစ်မဲ့ နိုင်ငံသားများကိုလည်း ထွက်ပြေးအောင်အဓမ္မလုပ် ဆောင်လျှက်ရှိသည်။ လူမျိုးစုများ လက်မခံနိုင်သော အဆိုပြုချက်ကို အတင်းအဓမ္မလိုက်နာအောင်လုပ်ပြီး ကိုယ့်ပြည်သူကို ကိုယ်တိုင် တဇွတ်ထိုးတိုက်ခိုက်နေပါက မြန်မာနိုင်ငံသည် ရှေ့ကိုတက်လှမ်းနိုင်မည် မဟုတ်ပါ။ တွေ့ဆုံဆွေးနွေးမှုဖြင့်ရှာဖွေနိုင်သည့် ငြိမ်းချမ်းသည့်အဖြေတရပ်မရမချင်း၊ အစိုးရကကြိုးစား ရှာဖွေနေသည့် တည်ငြိမ်မှုမျိုးကို ရှာတွေ့ဆက်လက်ခက်ခဲနေဦးမည်သာဖြစ်သည်။
နောက်ဆုံးအနေဖြင့်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၈၇၄ အား ကတိက၀တ်ပြု ထားသည့်အတိုင်း အပြည့်အ၀လိုက်နာပါရန် မြန်မာ အဆင့်မြင့်ခေါင်းဆောင်များကို ကျွန်တော်တို့တိုက်တွန်း ခဲ့ပါသည်။ မကြာသေးခင် ဖြစ်ပျက်မှုများက ယင်းကတိက၀တ်အပေါ်မေးခွန်းထုတ်စရာဖြစ်လာစေပါသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာကိုပေးထားသည့် ကတိများအတိုင်း လိုက်နာဆောင်ရွက်မှုများကို အာမခံ စေရန် ပွင့်လင်း မြင်သာသည့်ဖြစ်စဉ်အတိုင်း ဆောင်ရွက်သွားဖို့ရာအတွက် အမေရိကန်ပြည်ထောင်စု အပြင်အခြားနိုင်ငံများနှင့်အတူ လုပ်ဆောင်သွားဖို့ မြန်မာခေါင်းဆောင်များကို ကျွန်တော်တို့ ပြောကြားခဲ့ပါသည်။ ယင်းကဲ့သို့သောလုပ်ငန်းစဉ်မျိုးမရှိပါက၊ အမေရိကန်ပြည်ထောင်စုသည် နိုင်ငံတကာအသိုင်းအ၀ိုင်းက ချမှတ်ထားသော သက်ဆိုင်ရာဘောင်အတွင်း သီးခြားလွတ်လပ်သည့်အရေးယူဆောင်ရွက်ခွင့်ရှိသည် ဟုခံယူထားပါသည်။
မြန်မာခေါင်းဆောင်များ၏ ပြောဆိုတုံပြန်ချက်ကြောင့် ကျွန်တော့်အနေဖြင့် အကြီးအကျယ်စိတ်ပျက်ရသော် လည်းအစိုးရ ပြင်ပမှ တွေ့ဆုံခဲ့ရသူများကြောင့် ဆက်လက်အားတက်ခဲ့ရပါသည်။ ငြိမ်းငြိမ်း ချမ်းချမ်း နေလိုပြီး သူတို့တိုင်းပြည်အနာဂတ်တွင် ကိုယ်စားပြုမှုကဏ္ဍရရှိလိုသည့် မြန်မာပြည်လူမျိုးစုများ၏ သန္နိဌာန် အပေါ် ကျွန်တော့်အနေဖြင့် အားရကျေနပ်ခြင်းဖြစ်ခဲ့ရပါသည်။ လာမည့်ရွေးကောက်ပွဲနှင့်စပ်လျဉ်း ၍မြန်မာပြည်မှနိုင်ငံရေးပါတီများ၏ ခက်ခက်ခဲခဲချမှတ်ကြရသည့်ဆုံးဖြတ်ချက်များကို ကျွန်တော်တို့ လေးစားပါသည်။ ပါတီအချို့ကရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး၊ အချိုပါတီများကမူ ၀င်ရောက် ယှဉ်ပြိုင်ကြမည်မဟုတ်ပါ။ သူတို့အတွက် သူတို့ကိုယ်တိုင်ဆုံးဖြတ်ကြသည်မှာ ပြည်သူတရပ်၏ လွတ်လပ်သော အခွင့်အရေး သာဖြစ်ပါသည်။ အမေရိကန်ပြည်ထောင်စုက သူတို့၏ ဆုံးဖြတ်ချက်များကို လေးစားပါသည်။
ကျွန်တော့်အနေဖြင့် ဒီနေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များကို ချီးကျူး ထောပနာပြုပါရစေ။ အမျိုးသား ဒီမိုကရေစီပါတီသည် မြန်မာပြည်သူတို့၏ ဘ၀တိုးတက်ကောင်းမွန်စေဖို့ အတွက် အနှစ် ၂၀ ကျော်ကြာ ရုံးကန်တိုက်ပွဲဝင် ခဲ့ရသည့်ပါတီဖြစ်ပါသည်။ သူတို့နှင့်ကျွန်တော် အတော်ကြာ ကြာဆွေးနွေးခဲ့ရပါသည်။ အစိုးရ၏ ချို့ယွင်းသည့် ဥပဒေ စည်းမျဉ်းများ နှင့်သတ်မှတ်ထားသော ဥပဒေဘောင် အရ ငြင်းပယ်ခြင်းခံရသော်လည်း မြန်မာပြည်သူများ၏ ကိုယ်စားသော်လည်းကောင်း၊ မြန်မာပြည်သူများ၏ အကျိးစီးပွားအတွက်သော်လည်းကောင်း ဆက်လက်ဆောင်ရွက်သွားရန် ခေါင်းဆောင်များက ကတိပြုထား ကြသည်။ အမေရိကန်ပြည်ထောင်စုသည်။ နောင်အနာဂတ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် မည်သည့်အနေအထား နှင့်တည်ရှိသည်ဖြစ်စေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် မြန်မာပြည်သူများ၏ နောက်တွင်မားမားမတ်မတ်ရပ်တည်ပြီး ဆက်လက်ဆောင်ရွက်သွားမည်သာဖြစ်သည်။
နောက်ဆုံးအနေဖြင့်ပြောရလျှင်၊ တရားမျှတပြီး၊ စိတ်စေတနာထက်သန်သော မြန်မာနိုင်ငံ၏ အရေးတော်ပုံ နှင့် မြန်မာပြည်သူများအတွက် ဒေါ်အောင်ဆန်းစုကြည်၏မဆုတ်မနစ်သောဇွဲ နှင့် ခိုင်မာ သည့်ဆောင်ရွက်ချက်များသည် ကျွန်တော့်အား စိတ်ထိခိုက်လှုပ်ရှားစေပါသည်။ ဒေါ်အောင်ဆန်းစုကြည် သည်၊ သူ့အနေဖြင့် ထပ်ခါတလဲလဲ သိက္ခာချ စော်ကားခြင်း ခံနေရစဉ်မှာပင် သူ့အားဖမ်းဆီးထားသူများ အပေါ် မေတ္တာစေတနာ နှင့် စိတ်ရှည်သီးခံမှုကို ဖေါ်ပြလျှက်ရှိပါသည်။ သာယာ ၀ပြောသည့် အနာဂတ် အတွက် ငြိမ်းချမ်းသောအဖြေတရပ်ကို အတူတကွရှာဖွေရန် သူကအကြိမ်ပေါင်းများစွာ မေတ္တာရပ်ခံသည် ကို မြန်မာပြည် ဗိုလ်ချုပ်များက ခါးခါးသည်းသည်း ငြင်းပယ်နေကြခြင်းမှာ ၀မ်းနည်းဘွယ်ရာသက်သက် ပင်ဖြစ်ပါသည်။
ဆက်လက်ရုံးကန်တိုက်ပွဲဝင်နေကြသည့် သူတို့၏ စွမ်းအားသတ္တိနှင့် ကြံ့ခိုင်မှုကကျွန်တော်တို့ကို ဆက်လက်စိတ်ဓာတ် တက်ကြွစေ ပါသည်။
အမေရိကန်ပြည်ထောင်စုသည်၊ ဒီမိုကရေစီရှိရှင်သန်ပြီးချမ်းသာကြွယ်ဝသည့် ငြိမ်းချမ်းသောနိုင်ငံ တခုဖြစ်ပေါ်လာဖို့ စိတ်ဆန္ဒရှိနေ ကြသည့် မြန်မာပြည်သူများ နှင့်အတူရပ်တည်နေမည်သာဖြစ်ပါသည်။
( မှတ်ချက်။ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ အမေရိကန်ပြည်ထောင်စု သံရုံးတွင် မေလ ၁၀ ၊ ၂၀၁၀ နေ့စွဲ
ဖြင့်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည် )
ဦးခင်မောင်ဆွေကို ကာ့ဒ်ကမ်းဘဲလ် ဖိတ်ကြားခဲ့တဲ့အပေါ် NLD ကန့်ကွက်RFA မှဦးဝင်းတင်နှင့်အင်တာဗျူး
မေးမြန်းသူ။
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့ဒ်ကမ်ဘဲလ်နဲ့ ဘဘဦးဝင်တို့ NLD CEC နဲ့တွေ့ဆုံတဲ့အခါမှာ ဦးခင်မောင်ဆွေကို အဖွဲ့ အချုပ်အဖွဲ့ဝင်ဖြစ်နဲ့ တက်ရောက်လာတာကို ကန့်ကွက်ခဲ့တယ်လို့ကြားရပါတယ်။ ဘဘ ဒီအကြောင်းလေး နည်းနည်းပြောပြပေးလားရှင့်။

ရှေ့ပတ်ကြတော့ လာမယ်။ တွေ့ဖို့ရှိတယ်ဆိုပြီးတော့လုပ်တယ်။ အဲဒီမှာဘာပြောသလဲဆိုတော့ ဦးခင်မောင်ဆွေကိုလည်း ဖိတ်ချင်တယ်တဲ့ ဒါနဲ့ကျနော်ကပြော တယ်။ ဖိတ်လို့မရဘူး ဘာဖြစ်လို့ဆို အဲဒီအချိန်လောက်ဆို ၆ ရက်နေလောက်ဆို သူတို့နဲ့ တွေတာ (၅) ရက် နေ့ကိုဗျ ၆ ရက်နေဆိုရင် ဦးခင်မောင် ဆွေတို့က ပါတီတွေထောင်တော့မှာ ကျနော်တို့နဲ့လည်း တခြားစီဖြစ်သွားပြီ အဲဒီတော့ မဖိတ်ပါနဲ့လို့ ပြောလိုက်တယ်။ အဲဒီတော့ ဟုတ်ပြီ ကောင်းပြီ ကောင်းပြီကောင်းရဲ့နဲ့ သွားတယ်။ နောက်ထပ် ဦးဥာဏ်ဝင်း ကိုထပ်မှာတယ်။ သေချာပြော သူ့ကို ဖိတ်လို့မရဘူး။ ကျနော်တို့နဲ့ တခြားစီ တော်ကြာရှုပ်ကုန်လိမ့် မယ်။ ကျနော်တို့ CEC ဖိတ်တာက သတ်သတ် သူတို့ဟာသူတို့ဖိတ်တာက တခြားပါတီတွေနဲ့ သတ်သတ်လုပ်ရမယ်။ ပြောပြီးတော့ အဲဒီနေ့က မန်းဒေးမှာ Manday ကျနော်တို့ NLD CEC (၁၀) ယောက်ကိုဖိတ်တယ်။ အမေရိကန်သံမှူးအိမ်မှာ သွားပြီးတော့ စကားပြောတယ် ကမ်းဘဲလ်နဲ့။ ၁၁ နာရီကနေ ၁၂ နာရီအတွင်းမှာ သတ်မှတ်ထားတဲ့ အချိန်ပေါ့ဗျာ။ ပြောမယ်ဆိုပြီးလုပ်တယ်။ လုပ်တဲ့အချိန်မှာ ၁၁ နာရီနဲ့ ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ကြာတော့ ကိုခင်မောင်ဆွေရောက်လာတယ်။ သံရုံးကနေပြီးတော့ သူ့ကို ကားတွေနဲ့ သွားကြိုပေးတယ်လို့ ကြားတယ်ခင်ဗျ။ သူ့ကိုကျနော်တို့ ထဲကိုသွင်း လာတယ်။ သွင်းလာတော့ ကျနော်တို့ထဲမှာ လူသုံးယောက်ကနေ ကန့်ကွက်စကားပြောတယ်။ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးညွန့်ဝေ ကျနော်ရယ်။ အဲလိုပြောတဲ့အခါ ကြတော့ မစ္စတာကာ့ဒ်ကမ်းဘဲလ်က ဦးခင်မောင်ဆွေ နော်မှ ကျနော်တို့ နောက်ပိုင်းပေါ့ဗျာ ၁၂ နာရီကနေ ၁ နာရီထိကို ကျနော်တို့ ပါတီစုံတွေ့စရာရှိတယ်။ တိုင်းရင်းသားပါတီတွေရော ဖြိုးမင်းသိန်းတို့ ပါတီတို့ အေးလွင်တို့ ပါတီတို့ ကိုရဲထွန်းတို့ ပါတီတို့နဲ့ တွေ့စရာရှိတော့ အဲဒီပါတီတွေနဲ့မှ အတူတွေ့မယ်ဆိုတော့ ဦးခင်မောင်ဆွေ ထပြန်သွားတယ်။
မေးမြန်းသူ။
NLD ရဲ့ တရားဝင်မှု ပြီးဆုံးသွားပြီဖြစ်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို သစ္စာစောင့်သိပြီးတော့ NLD ရဲ့ မပြီးဆုံးသေးတဲ့ နိုင်ငံရေးတာဝန်တွေကို ဆက်ပြီးထမ်းဆောင်သွားမယ်လို့ ဦးခင်မောင်ဆွေက ပြောခဲ့ပါတယ်။ ဒီအပေါ်မှာ ဘဘက ဘယ်လိုသဘောရသလဲရှင်။
ဦးဝင်းတင်။
အဲဒါတွေနဲ့ ပတ်သက်လို့တော့ ကျနော်တို့ ပြောချင်တာကတော့ ဦးခင်မောင်ဆွေ နဲ့ ကျနော်တို့နဲ့ဘာမှမဆိုင်ဘူး။ ပါတီနဲ့လုံးဝကို ဆန့်ကျင့်တဲ့လိုင်းကို သူတို့သွားနေတယ်။ ဘာဖြစ်လို့ဆို NLD ပါတီက မှတ်ပုံမတင်ဘူးလို့ CC ဆိုတဲ့ ပါတီခေါင်းဆောင်ထု တစ်ခုလုံးကနေပြီး တညီတညွတ်ထဲ ကန့်ကွက်သူမရှိ ဆုံးဖြတ်ချက်ကို မလိုက်နာပဲနဲ့ သူတို့ဟာသူတို့ ပါတီထောင်တယ်ဆိုတာ သူတို့ကိစ္စပဲ ဒါကျနော်တို့ ဘာမှမပြောချင်ဘူး ပြောချင်တာ တစ်ခုပဲရှိတယ်။ ကျနော်တို့နဲ့ ဘာမှမဆိုင်ဘူး။ နိုင်ငံရေးအားဖြင့်လည်း ဘာမှဆိုင်ဘူး ပုဂ္ဂိုရေးဆက်ဆံရေး အားဖြင့်လည်း ဘာမှမဆိုင်ဘူး။ ပါတီစည်းရုံးရေးလုပ်ငန်းအရလည်း ဘာမှမဆိုင်ဘူး။ ဒါကိုကျနော်တို့ တချက်ပြောချင်တယ်။ နောက်တစ်ခုက NLD က မှတ်ပုံမတင်ဘူး။ ဆိုတဲ့ခါ လူထုကလည်း ဘယ်သူရွေးရမှန်းလည်းမသိဘူး။ အဲဒီအခါမှာ သူတို့ကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်တင်ပြီးတော့ လုပ်မယ်ဆိုတဲ့ဟာကိုလည်း ကျနော်တို့က လုံးဝလက်မခံဘူး။ ဘာဖြစ်လို့ဆိုတော့ စဉ်းစားကြည့်ဗျာ။ ဒေါ်အောင်ဆန်းစုကြည်က (၁) က တရားဝင်လူသိရှင်ကြား ပါတီညီလာခံကို ပို့တဲ့ စာတမ်းထဲမှာပါတဲ့ ခြေခံဥပဒေကို သူလုံးဝ လက်မခံပါဘူးလို့ ပြောတယ်။ ဦးခင်မောင်ဆွေတို့က ခြေခံဥပဒေကို လက်ခံပြီးတော့ အခြေခံဥပဒေအတိုင်း လုပ်မယ်ဟာ အခြေခံဥပဒေကို အသက်တွင်းမဲ့ အကောင် ထည်ဖော်မဲ့ လုပ်ငန်းတွေကို သူကလုပ်မှာ လွှတ်တော်ကနေ တဆင့်လုပ်မှာ ဒါမှာ လုံးဝကွဲနေပြီ။ နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည်က ဒီပါတီကို မှတ်ပုံမတင်ဘူးလို့ တရားဝင်ပါတီကိုပြောပြီးပြီ ဗဟိုကော်မတီကို ပို့ပြီးပြီ။
မေးမြန်းသူ။
ဟုတ်ကဲ ဦးခင်မောင်ဆွေတို့က လွှတ်တော်ထဲ့ကို ရောက်သွားရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်ပွားများ ဖြစ်လာမလားလို့ ပြောနေကြတဲ့အပေါ်မှာ ဘယ်လိုမြင်ပါသလဲရှင့်။
ဦးဝင်းတင်။
ကျနော်တို့ ကိုယ်ပွားဟာ ၁၉၉၀ ပြည့် ရွေးကောက်ပွဲတုန်းက ကျနော်တို့ ကိုယ်ပွားရှိခဲ့ပါတယ်။ ဒေါက်တာစိန်ဝင်းတို့ပါတီပေါ့ဗျာ။ အမျိုးသားဒီမိုကရေစီပါတီ ဆိုတာရှိခဲ့တယ်။ အမျိုးသားဒီမိုကရေစီပါတီ ဆိုတာ ကျနော်တို့ရဲ့ ကိုယ်ပွား ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က အဲဒီအချိန်တုန်းက စိတ်မချရဘူး။ စစ်အစိုးရက ကျနော်တို့ NLD ပါတီကို တကယ်လို့များ ဖျက်ပစ်လိုက်လို့ရှိရင် ကိုယ်ပွားပါတီဆိုတာ ရှိဖို့ကောင်း တယ်။ ဆိုပြီးတော့ ဒေါက်တာစိန်ဝင်းတို့နဲ့ ကျနော်တို့ လုပ်ခဲ့တယ်။ အဲဒီပါတီဟာ ကိုယ်ပွားပါတီ ဘာဖြစ်လို့ဖြစ်သလဲ ဆိုတာကျနော်တို့ ကိုယ်တိုင်လဲ အဲဒီအချိန်တုန်းက မှတ်ပုံတင်ခဲ့တယ်။ ရွေးကောက်ပွဲဝင်ခဲ့တယ်။ ကိုယ်ပွားပါတီကိုလည်း မှတ်ပုံတင်ခိုင်းခဲ့တယ် ရွေးကောက်ပွဲဝင်ခိုင်းခဲ့ တယ်။ အခုသူတို့က ကိုယ်ပွားပါတီလုံးဝမဖြစ်ဘူး။ လုံးဝလဲမဆိုင်ဘူးလို့ ပြောရတဲ့အကြောင်းက ကျနော်တို့ ဒီရွေးကောက်ပွဲကို သပိတ်မှောက် တယ်။ ဒီရွေးကောက်ပွဲ ဥပဒေတွေကိုလည်း လုံးဝ ညင်းဆန်တယ်။ ဒါကြောင့်ကျနော်တို့က ပါတီကိုမှတ်ပုံလဲ မတင်ဘူး။ ရွေးကောက်ပွဲလည်း မဝင်ဘူး။ သူတို့က ဒီရွေးကောက်ပွဲ ဥပဒေတွေကို သူတို့က လက်ခံတယ်။ နောက်ပြီးတော့ သူတို့က ရွေးကောက်ပွဲကိုဝင်မယ်။ အဲဒီတော့ လုံးဝကို ကျနော်တို့နဲ့ ခြားနားပါတယ်။ ဆိုင်လည်းမဆိုင်ပါဘူး။ တူလည်းမတူပါဘူး။
ကျေးဇူးတင်ပါတယ်ဘဘ ။
ဝန်ကြီးများအနေဖြင့် ပါတီတည်ထောင်ခွင့် လျှောက်ထားခြင်းမှာ ဥပဒေနှင့် ညီ/မညီ၊ ပါတီတည်ထောင်ခွင့် ပြုနိုင်/မပြုနိုင် မေးမြန်းမှုကို ဖြေကြား (Mtalk သတင်း) |
Thursday, 13 May 2010 09:11 |
အမေရိကန်သံရုံး ယာယီတာဝန်ခံ Mr. Larry M. Dinger က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် စပ်လျဉ်း၍ မေးမြန်းလိုကြောင်း၊ ၀န်ကြီးများ အနေဖြင့် ပါတီတည်ထောင်ခွင့် လျှောက်ထားခြင်းမှာ ဥပဒေနှင့် ညီ/မညီ၊ ပါတီတည်ထောင်ခွင့် ပြုနိုင်/မပြုနိုင် မြေမြန်းရာ ဥက္ကဋ္ဌ ဦးသိန်းစိုးက ပါတီတည်ထောင်လိုသူများတွင် နိုင်ငံ့ဝန်ထမ်းများ မပါဝင်ရန်သာ ဥပဒေပြဋ္ဌာန်းချက်ရှိပါကြောင်း၊ ၀န်ကြီးများသည် နိုင်ငံ့ဝန်ထမ်း မဟုတ်ဘဲ Political Post သာဖြစ်ပါကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၈ ၌ ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာ စတင်တည်သည့်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင် |
Last Updated on Thursday, 13 May 2010 09:13 |
လူထုပဲ အားကိုးဖို့ ရှိတော့တယ်
မျိုးဆက်သွေး
ရွေးကောက်ပွဲ နီးလာလေ
ဒီမိုကရေစီအရေး လုပ်နေသူတွေ အတွက် ဆုတ်လည်းစူး စားလည်းရူး ဖြစ်လာပြီ။
ဒီချုပ်က ရွေးကောက်ပွဲ မ၀င်ဖို့၊ ပြန်ပြီး မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ခဲ့တယ်။
ဒါဟာ ပါတီကို ဖျက်ရာ ရောက်ပေမယ့် အရင်ပို့စ်မှာ ဆွေးနွေးဖူးသလို နအဖ
လုပ်ပေါက်က ဒီချုပ်အနေနဲ့ ကိုယ့်တံထွေးကိုယ် ပြန်မျိုရမယ့်ကိန်း ဖြစ်နေတော့
ဒီလမ်းက လွဲပြီး ဘာမှ လုပ်စရာ မရှိဘူးဆိုတာ လက်ခံရမှာပဲ။ နောက်ပြီး ဒါဟာ
ဒီချုပ်ကို နိုင်ငံရေး ဇာတ်ခုံပေါ်ကနေ သူ့ဘာသာသူ ဆင်းသွားအောင် အကွက်ကျကျ
နှစ်ရှည်လများ လုပ်လာတဲ့ နအဖ မဟာဗျူဟာရဲ့ အောင်ပွဲလို့လည်း ပြောလို့ရပါတယ်။
ရွေးကောက်ပွဲမှာ
ဒီချုပ်မပါနိုင်ပေမယ့် တစ်ခြားပါတီတွေ ၀င်ပြိုင်လိမ့်မယ်၊ ဒီချုပ်ထဲက
ရွေးကောက်ပွဲကို ဖြတ်သန်းမှ ရမယ်လို့ ခံယူသူတွေလည်း ၀င်ပြိုင်မယ်၊
ပါတီဝင်တွေထဲက တစ်သီးပုဂ္ဂလ အနေနဲ့ ၀င်ပြိုင်သူတွေလည်း ရှိနိုင်တယ်လို့
မျှော်လင့်ထား ပြီးသားပါ။ တတိယအုပ်စုလို့ ပြောတဲ့သူတွေကို စစ်အုပ်စု
နောက်လိုက်တွေလို့ ပြောသူတွေလည်းရှိတယ်။ မိမိ
သဘောပြောရရင် ဒီချုပ်အနေနဲ့ မူအရ ဘယ်လိုမှ နအဖ ရွေးကောက်ပွဲ ဥပဒေကို
လက်ခံလို့ မရဘူးဆိုတာ ယုံကြည် သည့်တိုင် ရွေးကောက်ပွဲ ၀င်တဲ့သူ
အားလုံးကိုတော့ နအဖ တံဆိပ်တပ်တာ လက်မခံနိုင်ပါဘူး။ အေးလွင်၊
ထွန်းအောင်ကျော် အုပ်စုတွေက နအဖနောက်ဆွဲ၊ ပါမစ်နိုင်ငံရေး သမားတွေ
ဖြစ်ပေမယ့် ဦးကြည်ဝင်း၊ ဦးလှစိုးတို့လို အဖွဲ့ချုပ်ဝင် ဟောင်းတွေ၊
ဒေါက်တာ တူးဂျာတို့လို တိုင်းရင်းသား ခေါင်းဆောင်တွေဟာ လွှတ်တော်ထဲ ရောက်ရင်
ကိုယ့်သဘောနဲ့ ကိုယ် ရပ်တည် သွားမယ့်လူတွေလို့ မြင်တယ်။ ဒါ့ကြောင့်
ဒီလိုလူတွေ လွှတ်တော်ထဲ ရောက်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ ပြောရရင်
တစညတောင်မှ သီးခြားမူနဲ့ ရပ်တည် သွားမယ်လို့ ထင်တယ်။ အခုတောင်
ကိုဖြိုးမင်းသိန်းတို့ ပါတီဖွဲ့ခွင့် ရတဲ့အတွက် ၀န်ကြီးချုပ်တို့
ပါတီထောင်တဲ့ ကိစ္စကို ကော်မရှင်ကို စာပို့ပြီး တရားဝင်ပြောလို့
ဆိုလို့ရနေတော့ သူတို့သာ လွှတ်တော်ထဲ ရောက်ရင် ကောင်းရာ ကောင်းကျိုးတွေ
လုပ်နိုင်မှာပါ။
ဒါပေမယ့်
အခုအချိန်မှာ ဒီလူတွေတောင်မှ လွှတ်တော်ထဲ ရောက်နိုင်ပါ့မလားလို့ သံသယ
ဖြစ်လာမိတယ်။ နအဖဟာ သူလုပ်နေကြ အတိုင်း အဘက်ဘက်က ရစ်ပြီး ကျပ်နေတာကြောင့်
လွှတ်တော်ထဲမှာ ကြံ့ခိုင်ရေး ပါတီက လူတွေနဲ့ပဲ ပြည့်နေမယ့် အခြေစိုက်နေပြီ။
နအဖ ရစ်လိုက်တဲ့ မူလီတွေက ပထမဆုံး ကိုယ်စားလှယ်လောင်း တစ်ယောက်ကို ငါးသိန်း
ငွေတင် ရမယ်လို့ သတ်မှတ်တယ်။ ဒါ့ကြောင့် ပါတီတစ်ခုဟာ ဗဟိုအဆင့်နဲ့
ပြည်နယ်အဆင့် လွှတ်တော် အားလုံးပြိုင်ရင် သိန်းငါးထောင်ကျော် စရံငွေတင်ရမယ်။
ဒါဟာမဲဆွယ်ဖို့ စားဖို့ သွားဖို့ စာစောင်ထုတ်ဖို့ စရိတ်မပါသေးဘူး။ ဒီလို
အားလုံး ပြိုင်နိုင်တဲ့ ပါတီဟာ ကြံ့ခိုင်ရေးပါတီ တစ်ခုဘဲ ရှိတယ်ဆိုတော့
တစ်ချို့နေရာတွေမှာ ပြိုင်သူမရှိ၊ တစ်ကောင်တည်း ပြေးတဲ့ မြင်းဖြစ်မှာ
သေချာတယ်။ ဒါပေမယ့် နအဖက ဒီလောက်နဲ့ မရပ်ဘူး။ မဲဆန္ဒနယ် တစ်ခုမှ တစ်ယောက်ဘဲ
ပြိုင်ရင် မဲထည့်ဖို့ မလိုဘဲ အနိုင်ပေးမယ်လို့ ဥပဒေ ထုတ်တယ်။ ဒီတော့
မဲမပေးဘဲ သပိတ်မှောက် လို့ကလည်း မရပြန်ဘူး။ နောက်တစ်ခါ ကြံ့ခိုင်ရေး ပါတီ
ထွက်လာတော့လည်း ၀န်ကြီးချုပ်နဲ့ ၀န်ကြီးများက အစိုးရလည်းလုပ်၊ ပါတီလည်း
ထောင်၊ ရွေးကောက်ပွဲလည်း ၀င်မယ်လို့ လုပ်လိုက်ပြန်တယ်။ ၀န်ကြီးတွေ စစ်သား
မဟုတ်တော့လို့ နိုင်ငံ့ဝန်ထမ်း မဟုတ်တော့ဘူးလို့ ကပ်ပြောလို့ ရပေမယ့်
ပွဲကကြည့်လို့ မကောင်းတော့ဘူး။ နအဖ နောက်ဆုံး ရစ်လိုက်တဲ့ မူလီကတော့
ကမ့်ဘဲလ် ခရီးစဉ်မှာ ကော်မရှင် ဥက္ကဌက အမေရိကန် ၀န်ကြီးကို ရွေးကောက်ပွဲမှာ
နိုင်ငံတကာ အကဲခတ် အဖွဲ့တွေ မလိုဘူးလို့ ပြောလိုက်တာပဲ။ အမေရိကန် ခင်ဗျာ
စစ်အစိုးရက ယတိပြတ် ငြင်းမှာစိုးရိမ်လို့ အာဆီယံက အကဲဖြတ်တွေပါလို့
ပြောတာတောင် ဒီလို အပြတ်ငြင်း လိုက်တာပါ။ အကြောင်း ပြချက်ကတော့
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အတွေ့အကြုံ အများကြီး
ရှိတယ်ဆိုပဲ။ ကျွန်တော်ဖြင့် ဒီအရွယ်ထိ ၉၀ ရွေးကောက်ပွဲ တစ်ခါဘဲ
ကြုံဖူးတော့ သူတို့ပြောတာနဲ့ ငါဘယ်များ သွားအိပ်ပျော် နေမိပါလိမ့်လို့
ပြန်စဉ်းစားနေရတယ်။
အခုလို ရစ်ထားတဲ့ မူလီလေးငါးလုံးနဲ့တော့ လွှတ်တော်ထဲမှာ နအဖနဲ့
မပတ်သက် လွတ်လပ်တဲ့ ပါတီတွေ ရောက်ဖို့ အတော် မလွယ်တော့ဘူး။ တစညတောင် အသေအလဲ ရုန်းရမယ့်
သဘော ဖြစ်နေပြီ။ ဒီအခြေအနေကို ကုစားဖို့ လူထုကိုပဲ အားကိုး ရမှာဖြစ်တယ်။
ဒီလိုပြောလို့ မိုးသီးတို့ မြှောက်ပေးသလို လူထုတိုက်ပွဲ (သူတို့မပါ)
လုပ်ဖို့၊ သပိတ်မှောက်ဖို့ ပြောတာ မဟုတ်၊ ရွေးကောက်ပွဲမှာ လွတ်လပ်တဲ့
ပါတီတွေ အတော်များများ နေရာရနိုင်ဖို့ အတွက်ကူဖို့ ဖြစ်တယ်။ ဘယ်လိုကူမလဲ။ ပထမ တစ်သီးပုဂ္ဂလတွေ များများ ပေါ်လာအောင်
ကိုယ့်ဒေသ အလိုက် ကူညီပေးရမယ်။ ဒုတိယ ကြံ့ခိုင်ရေးပါတီရဲ့ ရွေးကောက်ပွဲ
ဥပဒေနဲ့ မညီတဲ့ကိစ္စတွေကို စုဆောင်း တိုင်ကြားရမယ်။ တတိယ မဲရေတွက်တဲ့
အချိန်မှာ အားလုံး စောင့်ကြည့် ပေးရမယ်။ ဒီသုံးနည်းနဲ့ဘဲ လွတ်လပ်တဲ့
အုပ်စုတွေ လွှတ်တော်ထဲမှာ ပါနိုင်ဖို့တတ်နိုင်မှာ ဖြစ်တယ်။
မျိုးဆက်သွေး
သုတေသနနှင့်လေ့လာရေးဌာန ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၆/၂၀၁၀) (၂၀၁၀ ခုနှစ်၊ မေလ ၉ ရက်)
ကျနော်တို့၏ ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၅/၂၀၁၀) တွင်
“ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်”၊ “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ဥပဒေ”၊ “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ” တို့တွင် ဖေါ်ပြထားသည့်
ပြဌာန်းထားချက်များ၏ မတရားမှုများကို ဝေဖန်သုံးသပ် ဖေါ်ထုတ်ဖွင့်ချခဲ့ပါသည်။
ဝေဖန်သုံးသပ်ချက်၏ နိဂုံးပိုင်းတွင်လည်း “(နအဖ)စစ်အစိုးရ ပေးသည့် စပေ့
(ဝါ) ဒီမိုကရေစီအခွင့်အရေးဆိုသည်မှာ အပ်နဖားပေါက်ထဲ ကုလားအုပ်ဝင်ရမည့်ကိန်း
ဖြစ်နေပြီ” ဟု ရေးသားဖေါ်ပြခဲ့ပါသည်။
သိပ်ကြာကြာမစောင့်လိုက်ရပါ။
ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ (၅) ခု ထုတ်ပြန်ပြီး (၂) လတင်းတင်း
ပြည့်ပြီးသောအခါ အသံတွေ စီစီညံညံ ကြားလာရပါသည်။
မတရားမှု/မမျှတမှုတွေအတွက် တောင်းသံ/ဆိုသံတွေ ထွက်လာသည်။
ပြည်ပက အသံတွေကိုတော့ ခဏထားကြပါဦးစို့။ ယခုထွက်လာသည့် အသံတွေမှာ
ပြည်တွင်းက အသံတွေဖြစ်ပါသည်။ ပြည်တွင်းက အသံတွေထဲတွင်
မှတ်ပုံတင်လျှောက်ထားသူများထံက အသံတွေ ဖြစ်နေသည်။
အချို့ကဆိုလျှင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ
စာရေးတောင်းဆိုနေကြသည်။ အချို့ကတော့ မီဒီယာများတွင် ရင်ဖွင့်နေကြသည်။
(နအဖ) စစ်အုပ်စု၏ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီကား နိဒါန်းအစမှာပင်
ရင်ခံနေကြရပြီ၊ ရင်ဖွင့်နေကြရပြီ။
အမတ်လောင်းတစ်ဦးအတွက် ရွေးကောက်ပွဲမှတ်ပုံတင်ကြေး ကျပ် ၅ သိန်း
သတ်မှတ်ထားချက်ကို လျှော့ပေါ့ပေးရန်နှင့် အမတ်လောင်းတစ်ဦးဟာ မဲပေးသူရဲ့
အနည်းဆုံး ၁၀% ထောက်ခံမဲရခဲ့ရင် မှတ်ပုံတင်ကြေး ပြန်လည်ထုတ်ယူခွင့်ပေးဖို့
တောင်းဆိုထားပါသည်။
“လူတစ်ယောက်ကို ကျနော်တို့ကိုက ဝင်ကြေးငွေ ငါးသိန်းတင်ရမယ်ဆိုလျှင်
လွှတ်တော်နှစ်ရပ်ပေါင်းမှာ ကျနော်တို့ဝင်ရွေးရမယ့် အမတ်ပေါင်း ၄၉၈
ယောက်ရှိတယ်။ ၅၀၀ မှာ ၂ ယောက်ပဲ လျှော့တယ်ဆိုတော့ အဲဒီ ၅၀၀ နဲ့တွက်ရင်
ဝင်ကြေးတင် ကျနော်တို့က သိန်းပေါင်း ၂၅၀၀ လိုနေတယ်” တဲ့။
“အမတ်လောင်းတစ်ဦးအတွက် မှတ်ပုံတင်ကြေး ငါးသိန်းက များတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရမယ့် ပါတီအတွက် ဆိုလို့ရှိရင်
လွှတ်တော်သုံးခုမှာ စုစုပေါင်း ၁၁၄၈ ဦးရှိတယ်၊ တစ်ယောက်ကို
ငါးသိန်းဆိုလျှင် သိန်း ၅၀၀၀ ကျော်၊ ဒါတော့ ဘယ်ပါတီမှ တတ်နိုင်မှာမဟုတ်ဘူး”
တဲ့။
“မဲဆွယ်တဲ့ စရိတ်တွေ ရှိသေးတယ်။ ရွေးကောတ်ပွဲပြင်ဆင်ဖို့ စရိတ်က သိန်း
၅၀၀၀၊ ရွေးကောတ်ပွဲဝင်ဖို့ မှတ်ပုံတင်ကြေးက သိန်း ၂၅၀၀၊ အနည်းဆုံး
ပါတီတစ်ခုက ငွေကျပ်သိန်းပေါင်း ၇၅၀၀ လိုတယ်” တဲ့ ။
ဒီလိုဖြစ်နေရင် ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတိုင်းက
သူတို့ဆန္ဒရှိသလောက် ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြပါမည်လော။ တရားမျှတတဲ့
ရွေးကောက်ပွဲရော ဖြစ်ပါ့မလားဟု ဖွင့်ဟတောင်းဆိုနေကြပါသည်။
သူတို့ တွက်ချက်ပြထားမှုတွေအရ ပါတီတစ်ခုဟာ ရွေးကောက်ပွဲဝင်နိုင်ရေးအတွက်
အစုစု ကုန်ကျစရိတ်ဟာ ကျပ်သိန်းပေါင်း ၇၅၀၀ လောက် လိုအပ်နေပါသည်။ သို့အတွက်
ပါတီတိုင်း ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ဆိုရာမှာ ဒီအဆင့်မှာတင်ပဲ
အခက်အခဲဖြစ်နေပါပြီ။
ဒါပေမယ့် ဒီလို အခက်အခဲကို မမှုတဲ့၊ ဘာကိုမျှ ဂရုမစိုက်သည့် ပါတီရှိသည်။
ဝန်ကြီးချုပ် ဦးသိန်းစိန်ပါ (၂၇) ဦး ခေါင်းဆောင်တဲ့ “ကြံ့ဖွံ့ပါတီ”
ဖြစ်ပါသည်။
ကြံဖွံ့ပါတီကြီးရဲ့ အနေအထားနဲ့ပတ်သက်ပြီး မှတ်ပုံတင်ဘက် ပါတီအချို့ထံက
အသနားခံသလိုလို၊ ဝေဖန်သလိုလို အသံတွေ သဲ့သဲ့ သဲ့သဲ့ ကြားလာနေရသည်။
“ပါတီခေါင်းဆောင်ဆိုသူတွေကအစ အရှင်မွေး နေ့ချင်းကြီးဆိုသလို
နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေဖြစ်နေတာ၊ အဖွဲ့ဝင်အများစုကလည်း
နိုင်ငံ့ဝန်ထမ်းတွေ ဖြစ်နေတာ၊ ဒါ့အပြင် နိုင်ငံတော်ပိုင် ငွေကြေးတွေနဲ့
အဆောက်အဦးပိုင်ဆိုင်မှုတွေ ရှိနေတာ” စတဲ့ အချက်တွေနဲ့ပတ်သက်ပြီး
ရှင်းရှင်းလင်းလင်းရှိအောင်၊ ပြည်သူတွေသိအောင် အခြားမှတ်ပုံတင်ဘက်ပါတီတွေက
သင်္ကာရှင်းသွားအောင် “ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်” က
ကော်မရှင်ဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ ပြောသံဆိုတာတွေ ကြားနေရသည်။
ငွေကြေးအခက်အခဲကြောင့် (တစည) လို ပါတီကတောင် နေရာစေ့
ဝင်ရောက်ယှဉ်ပြိုင်ဖို့ မဖြစ်နိုင်ကြောင်း ပြည်ပမီဒီယာတစ်ခုသို့
ပြောသံကြားရပါသည်။
(တစည) ကတော့ ညီတော်(ကြံ့ဖွံ့ပါတီ)ရဲ့
(ငွေကြေး/ရုပ်ဝတ္တု/စည်းရုံးဖွဲ့စည်းထားမှု) အဖက်ဖက်က အသာစီးယူထားမှုများကို
ဝေဖန်ဝံ့လိမ့်မည်မထင်ပါ။ ညောင်မြစ်တူးလျှင် ပုတ်သင်ဥတွေ တစ်ထမ်းကြီး
ပေါ်လာလိမ့်မည်။ (တစည)ကိုယ့်ရှူးကိုယ်ပတ်သလို ဖြစ်ပြီး (တစည) သည်
“ခွေးကိုက်ခံရသော သူခိုး” ကဲ့သို့ ဖြစ်နေပါလိမ့်မည်။ လက်ရှိစစ်အုပ်စုကလည်း
(တစည) ကို လိုအပ်မှသာ သုံးတော့မည်။ ယခုတော့ စွန့်ပစ်ထားလိုက်ပြီ။
ထို့အပြင် ထူးခြားချက်က (တစည) ခေါင်းဆောင်စုသည် လက်ရှိ (နဝတ-နအဖ)
စစ်အုပ်စုထက် ဝါရင့်သူတွေ ဖြစ်သည်။ (န၀တ-နအဖ) စစ်အုပ်စု၏ ရှေ့က
ဆရာသမားများဖြစ်သည်။ (ကြံ့ဖွံပါတီ) ကတော့ (တစည)နှင့်မတူ၊ (န၀တ-နအဖ)၏
လောလောဆယ် မီးသေနေသေးသည့် လက်ရင်း လက်မရွံ့တပည့်ကျော်များဖြစ်သည်။
ယင်းအချက်ကြောင့်ပင် (နအဖ) စစ်အုပ်စုသည် ကော်မရှင်ဥပဒေကို ပမာမထားဘဲ
ဝန်ကြီးချုပ်လုပ်နေဆဲ (နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ဆဲ) မှာပဲ
ကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခိုင်းသည်။ ဘယ်သူတွေ
ဘာပြောရဲသလဲ။ မိုက်ရင်ထွက်ခဲ့ဆိုသည့် လူမိုက်လုပ်ဟန်အပြည့်ဖြင့်
လုပ်ပြနေခြင်းဖြစ်သည်။
မှတ်ပုံတင်ထားသည့် ပါတီများအနေဖြင့် မတရားမှုတွေကို ရဲရဲဝံ့ဝံ့
ကျယ်ကျယ်လောင်လောင် ထုတ်ပြောတာ ကြားချင်ပါသည်။
အရင်းစစ် အမြစ်မြေက ဆိုသလိုပင် ယင်းမတရားမှု/မမျှတမှုများသည် (နအဖ)
စစ်အုပ်စုက ဖန်တီးပေးလိုက်သည့် “ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈) နှင့်
ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ (၅) ရပ်” မှ ပေါက်ပွားလာခြင်းဖြစ်သည်ကို
မှတ်ပုံတင်လျှောက်ထားကြသည့် ပါတီများ အထူးသတိပြုစေလိုပါသည်။
ပြည်တွင်းပြည်ပရှိ “စပေ့”ရှာကျွမ်းကျင်ဆရာများနှင့် မြေညီကွင်းတွင်
လယ်ဗယ်ညှိကြမည့် ဆရာများထံမှ ဒီဘိတ်များကို ကြားချင်ပါသေးသည်။
x x x x x
“လှမျိုးနောင်”
ဆိုသူသို့(တူမောင်ညို)
၂၀၁၀ ပြည့်နှစ်၊ မေလ (၆) ရက်
“အစွဲကင်းတယ်/
အရောင်မရှိဘူး/အဖြူထည်သက်သက်/ဦးနှောက်မုန်တိုင်းဆင်ဖို့” ---
စတဲ့စကားလုံး တွေဟာ ဝိုးတိုးဝါးတား ဖြစ် နေတဲ့ လူငယ်တချို့ကို
ယုံထင်ကြောင်ထင်ဖြစ်စေပြီ။ ထွေပြားဝေဝါးစေပါတယ်။ ဖမ်းစားထားနိုင်ပါတယ်။
လှည့်စားထားနိုင်ပါတယ်။
လှမျိုးနောင်
ဒုတိယစာကလည်း မှတ်ပုံတင်နောက်ဆုံးရက်မှာပေါ်ထွက်လာတယ်။
လှမျိုးနောင် ကပဲရေးရေး၊ လှမျိုးနောင်နာမည်ခံပြီးရေးရေး
ဆန့်ကျင်တယ်။
မတ်လ(၂၉)ရက်နေ့ဆုံးဖြတ်ချက်ဟာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ကိုယ်ပိုင်စဉ်းစားရွေးချယ်ခဲ့တဲ့ဆုံးဖြတ်ချက်ဖြစ်တယ်။
တရားဝင်ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်တယ်။
ကန့်ကွက်သူမရှိ အများသဘောတူ တခဲနက် ချမှတ် ခဲ့တာလည်းဖြစ်တယ်။
ဒီချုပ် ဆုံးဖြတ်ချက်ကို ဘာကြောင့် ဒီလောက်ရမယ်ရှာနေရတာလဲ။
ဒါရဲ့နောက်ကွယ်ကအချက်က
ဒီချုပ်ကို ခေါင်းငုံ့ ဒူးထောက်ပြီး ရွေးကောက်ပွဲဝင်ဖို့မှတ်ပုံတင်စေချင်တဲ့ အချက်ဟာ
ဖုံးမရဖိမရ ပေါ် လွင်နေတယ်။
ဒီချုပ်ကို ဖျက်သိမ်းပစ်တာ ဒီချုပ်မဟုတ်ဘူး။ (နအဖ)
စစ်အစိုးရပဲဖြစ်တယ်။
ဒါကြောင့်
“ဖျက်လည်း မပျက်ဘူး”လို့ဒေါ်အောင်ဆန်းစုကြည်က ပြောတာ။
၉၀ ရွေးကောက်ပွဲအနိုင်ရပြီးကတည်း ဒီချုပ်ကို
အပြတ်အသတ်ခြေမှုန်းခဲ့တာဘယ်သူလဲ။ (နဝတ-နအဖ) စစ်အစိုးရပဲ။ လက်တွေ့
လုပ်ဆောင်သူက လက်မရွံ့ ကြံ့ဖွံ့ကြေးစားလူမိုက်တွေမဟုတ်လား။
အခု အဲဒီလူရမ်းကားကြံ့ဖွံ့အဖွဲ့က “နိုင်ငံရေးပါတီ”
ဖြစ်လာတော့မယ်။ အဲဒီကြံ့ဖွံ့ပါတီ ကို တစ်လျှောက်လုံး (နအဖ) စစ်အုပ်စုက
ဗိုလ်တွေဦးဆောင်ကြိုးကိုင်ခဲ့ပြီး။ အခုလည်း အဲဒီ “ဗိုလ်” တွေက “ဦး”
ပြောင်းပြီး “အသင်း”ကို “ပါတီ” ပြောင်းပြီး ချုပ်ကိုင်နေခဲ့တာပဲ။
အဲဒီလို
မတရားတာနဲ့မမျှတာကိုတော့ “လှမျိုးနောင်” ဆိုသူက ဘာကြောင့်မဖေါ်ထုတ်တာလဲ။
မဝေဖန် တာလဲ။
လှမျိုးနောင်ဆိုသူပြောတဲ့
အချက် ၂ ချက် အနက် “အားလုံးပါဝင်ရရှိဖို့ဆိုတာ” အခုမဖြစ်နိုင်တော့ဘူး။
အားလုံးမပါဝင်နိုင် အောင်သေသေချာချာကြံစည်လုပ်ထားသူဟာ (နအဖ)
စစ်အစိုးရကိုယ်တိုင်ပဲဖြစ်တယ်။ အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့်ဆိုတာ
“ကျားသနားမှ နွားချမ်းသာမယ့်အဖြစ်ပဲ”။
ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေဟာ “နွား” မဟုတ်ဘူး။ အသနားမခံဘူး။
နောက်တစ်ချက်က ဒီ လှမျိုးနောင် ဆိုသူရဲ့စာထဲမှာ
နာမည်တပ်မထားပေမယ့် ရည်ရွယ် တိုက်ခိုက် ထားတာက “ဦးဝင်းတင်” ကို
ဦးတည်ထားတာဖြစ်တယ်။ ဘာလို့လည်းဆိုတော့ “ဦးခင်မောင်ဆွေ၊
ဒေါက်တာသန်းငြိမ်း၊ ဦးစောနိုင်းနိုင်း၊ ဒေါက်တာဇော်မြင့်မောင် တို့ကို
မာလိန်မှူးကောင်း ” တွေအဖြစ်ချီးမွန်းထောမနာပြုထားတယ်။ ဦးဉာဏ်ဝင်း ကိုတော့
ကြားထားပုံရတယ်။ သွေးပျက် ခြောက်ခြား နေသူတွေ နှုတ်ထွက်ကြတဲ့။
သွေးပျက်ခြောက်ချားနေသူတွေကဘယ်သူတွေများပါလိမ့်။
ပါတီကို ဖျက်လို ဖျက်ဆီးလုပ်နေသူတွေဘယ်သူတွေများပါလိမ့်။
လှမျိုးနောင် ဆိုသူဟာ သူတပါးပါတီအတွင်းရေးထဲအထိ
ထဲထဲဝင်ဝင် ဝင်ရောက်စွက်ဖက်နေတဲ့ “၈၈ မျိုးဆက်” ပါလား။
“၈၈မျိုးဆက်”ဆို (နအဖ)
စစ်အစိုးရထံဘယ်တော့မှ ဒူးမထောက်ဘူးကွ။ပြတ်ပြတ်သားသားဆန့်ကျင်တယ်။
ဒူးထောက်ရင် “၈၈
မျိုးဆက်”မဟုတ်တော့ဘူး။ဒူးထောက်တဲ့ ၈၈မျိုးဆက်ဆိုတာ (နအဖ) စစ်အစိုးရ ခိုင်းတာလုပ်ရတဲ့ “ပြည်
ထောင်စုမြန်မာနိုင်ငံ၈၈” ဆိုတာပဲဖြစ်မယ်။
“ပြည်ထောင်စုမြန်မာနိုင်ငံ၈၈
မျိုးဆက်”ဆိုသူတွေကိုမှတ်ပုံတင်ခွင့်ပထမဆုံးပေးတာ၊ “ဝံသာနုNLD” ဆိုတဲ့အဖွဲ့
မှတ်ပုံတင်ခွင့် ပေး ထားတာတွေကို လှမျိုးနောင်ဆိုသူက ဘာလို့များ
မဝေဖန်တာပါလိမ့်မယ်။
ပြီးတော့မှ “မတ်(၂၉) ဆုံးဖြတ်ချက်”ကို
ပြန်လည်ပြင်ဆင်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ထံ အသနားခံခိုင်းနေပြန်တယ်။
အရိုးလို လို့အသားတောင်းနေမှန်းသိပ်သိသာပါတယ်။
သေချာတာနောက်တစ်ခုကတော့
ပြည်တွင်းပြည်ပတွင်မကဘူး။ အကျဉ်းထောင်အတွင်းမှာပါ
ရှုပ်ထွေးဝေဝါးအောင်ပုံစံမျိုးစုံနဲ့ (နအဖ) စစ်အစိုးရက
လုပ်ဆောင်နေတယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။
ဒါကြောင့် လှမျိုးနောင်ကိုယ်တိုင်ပဲဖြစ်စေ၊
လှမျိုးနောင်နာမည်ခံပြီးရေးသားနေတာပဲဖြစ်စေ၊ “၈၈မျိုးဆက်” လို့အသွင်ယူပြီး
အခုလို စာတိုစာရှည်ရေးလာတာတွေကိုပြတ်ပြတ်သားသားဆန့်ကျင်ပါတယ်။
ရွေးကောက်ပွဲဝင်စေချင်ရင်
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ကို
ပြင်ဆင်ပေးဖို့လိုတယ်။ ဒေါ်အောင်ဆန်း စုကြည်၊ ခွန်ထွန်းဦး၊ စိုင်း
ညွန့်လွင်၊မင်းကိုနိုင်၊ကိုကိုကြီး
တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိချက်ချင်းလွှတ်ပေးဖို့လိုတယ်။
တွေ့ဆုံဆွေးနွေးဖို့လည်း လိုတယ်။
လှမျိုးနောင်ဆိုသူ
ဒါမျိုးတွေလည်းရေးဖို့လိုတယ်။
အန်အယ်လ်ဒီ ရပ်တည်ရေး စီအာပီပီအဖွဲ့ဝင်များ
စည်းဝေး
NEJ/ ၄ မေ ၂ဝ၁ဝ
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ
(စီအာပီပီ) အဖွဲ့ဝင်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန် အယ်လ်ဒီ)
ရုံးချုပ်တွင် ယနေ့နေ့လယ်ပိုင်း၌ အစည်း အဝေးတရပ် ကျင်းပခဲ့သည်ဟု
စီအာပီပီအတွင်းရေးမှူး ဦးအေးသာအောင်က ပြောကြားသည်။
“အစည်းအဝေးမှာ
အဓိကထားဆွေးနွေးတာကတော့ နအဖရဲ့ ပါတီမှတ်ပုံတင်ဥပဒေအရ ရက်ပေါင်း (၆၀)
ဆိုရင် ပါတီဟောင်းတွေက ပါတီမှတ်ပုံတင်ဖို့ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။
အဲဒီနောက်ပိုင်းမှာ အန်အယ်လ်ဒီ ဘယ်လို ရပ်တည်မလဲ၊ ရှေ့ဆက်ပြီးတော့
နိုင်ငံရေးခရီးကို ဘယ်လိုလျှောက်မလဲဆိုတာကို ဆွေးနွေးကြတာပါ” ဟု ၎င်းက
ပြောသည်။
အစည်းအဝေးသို့
ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်သည့် ဦးဝင်းတင်၊
ဦးခင်မောင်ဆွေတို့ အပါအ၀င် အန်အယ်လ်ဒီပါတီမှ (၇) ဦးတက်ရောက်ပြီး
တိုင်းရင်းသားပါတီများမှ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ဥက္ကဋ္ဌ
နိုင်ထွန်းသိန်း၊ ဇိုမီးအမျိုးသားကွန်ဂရက် ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန်၊
ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး
ဦအေးသာအောင်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်မှ
ဦးထောင်ကိုထန်းနှင့် အခြားစီအာပီပီ အဖွဲ့ဝင်နှစ်ဦးဖြစ်သည့်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းနှင့် ဦးသိန်းဖေတို့လည်း
တက်ရောက်ကြောင်း သိရသည်။
အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက
“ကျနော်တို့က ပြီးခဲ့တဲ့ကိစ္စလေးတွေလည်း ဆွေးနွေးတယ်ပေါ့ဗျာ။ နောက်ပြီးတော့
ရှေ့ဘယ်လိုဆက်သွားမယ်ဆိုတာလည်းပဲ ဆွေးနွေးပါတယ်။ စီအာပီပီဟာ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားတာဖြစ်တယ်။ ၁၉၉၀
ရွေးကောက်ပွဲတုန်းကလည်း လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်က ရကြတယ်။ အဲဒီအပေါ် လွှတ်တော်ပေါ်လာရေးအပေါ် အကြောင်းပြုပြီးတော့
လွှတ်တော်ကိုယ်စားပြုကော်မတီ ဖွဲ့ထားတာဖြစ်တဲ့အတွက်ကြောင့်
ရှေ့ဆက်ပြီးတော့လည်း ကျနော်တို့အလံတို့ ဆိုင်းဘုတ်တို့ မရှိငြားသော်လည်းပဲ
စိတ်ဓာတ်နဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်စရာရှိတဲ့ ကိစ္စများအားလုံးကို
ဆက်လက်ပြီးတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆက်သွယ်ပြီးတော့ အခြေအနေများကို
လေ့လာသုံးသပ်ပြီးတော့ အခါအားလျှော်စွာ ညှိနှိုင်းတိုင်ပင်ပြီးတော့
ဆောင်ရွက်စရာကိစ္စများကို ဆောင်ရွက်ဖို့ဆိုတာနဲ့ ရပ်တည်နေကြဖို့
ဆွေးနွေးတာပါ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
ပါတီမှတ်ပုံတင်ကန့်သတ်ရက်
ရက်ပေါင်း (၆၀) ကျော်သွားသော်လည်း အဖွဲ့ချုပ်၏ ဆိုင်းဘုတ်နှင့်အလံတို့ကို
မဖြုတ်ဘဲ ဆက်လက်ထားရှိမည်ဟု ၎င်းက ပြောသည်။
“ကျနော်တို့ကိုယ်တိုင်
ဆိုင်းဘုတ်တို့ အလံတို့ကို ချမှာမဟုတ်ဘူးလေ။ ရုံးအထဲမှာရှိတဲ့
ပစ္စည်းတွေကိုတော့ ပါတီအဖွဲ့အစည်းတရပ်အနေနဲ့ မရှိတော့ဘူးဆိုတဲ့
သဘောပေါက်ပြီးတော့ စာရွက်စာတမ်းတွေကို ကျနော်တို့ သိမ်းဆည်းထားမယ်ပေါ့။
သို့သော်လည်း ကျနော်တို့ အဖွဲ့ဝင်များအနေနဲ့က အဖွဲ့ဝင်သဘောတော့
မဟုတ်သော်ငြားလည်း ကျနော်လုပ်ကိုင်လာတဲ့ အဖွဲ့ချုပ်ရဲ့စိတ်ဓာတ်နဲ့
ပတ်သက်တဲ့ဟာတွေကတော့ ပျောက်ပျက်သွားမှာလည်းမဟုတ်ဘူး။ အစဉ် ရပ်တည်ပြီးတော့
ရှိနေမှာဖြစ်တယ်” ဟု ဦးတင်ဦးက ပြောသည်။
အဖွဲ့ချုပ်၏
လုပ်ငန်းကိစ္စများကိုမူ အဖွဲ့ချုပ်တရပ်အနေဖြင့် လုပ်ဆောင်မည်မဟုတ်ကြောင်း၊
သို့သော် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည့် စီအာပီပီကလည်း
ရှိနေဦးမည်ဖြစ်သည့်အတွက် အခါအားလျှော်စွာ ညှိနှိုင်း ဆွေးနွေးသွားမည်ဟု ၎င်းက
ဆက်လက်ပြောသည်။
“သို့သော်လည်းပဲ အခါအားလျော်စွာ
အခြားသင့်တော်တဲ့ နေရာတနေရာမှာဖြစ်စေ တွေ့ဆုံပြီး ကျနော်တို့
လွှတ်တော်ကိုယ်စားပြုကော်မတီဆိုတဲ့ အမည်နာမနဲ့ မဟုတ်ငြားသော်လည်းပဲ
အဲဒီစိတ်ဓာတ်နဲ့ တိုင်းရေးပြည်ရာ ကိစ္စရပ်နဲ့ ပတ်သက်လို့
နိုင်ငံရေးကိစ္စအ၀၀ကိုလည်း ညှိနှိုင်းဆွေးနွေးပြီး အခါအားလျှော်စွာ
ကျနော်တို့သဘောထားတွေနဲ့ ပတ်သက်တဲ့ အကြောင်းချင်းရာတွေကို
ဆွေးနွေးတိုင်ပင်ဆောင်ရွက်သွားမယ်ဆိုတဲ့ ကိစ္စလေးတွေကို ညှိနှိုင်းပါတယ်။
အေးအေးချမ်းချမ်းနဲ့ ပြေပြေပြစ်ပြစ်နဲ့ တတ်နိုင်သလို
လုပ်မယ်ဆိုတဲ့ကိစ္စရပ်တွေကို ဘယ်ပုံဘယ်နည်းလုပ်ကြမယ်၊ တဖွဲ့နဲ့တဖွဲ့
တယောက်နဲ့တယောက် ဆက်သွယ်တဲ့ကိစ္စတွေမှာလည်း အခါအားလျှော်စွာ
ဆက်သွယ်ညှိနှိုင်း လုပ်ဆောင်သွားမယ်ဆိုတာကို
ကျုယ်ကျယ်ပြန့်ပြန့်ဆွေးနွေးတာပါပဲ” ဟု ဦးတင်ဦးက ရှင်းပြသည်။
၎င်းက
ဆက်လက်ပြီး “သဘောကတော့ဗျာ စိတ်ဓာတ်ကတော့ ရှိနေမယ်၊ စိတ်ဓာတ်ပေါ်
မူတည်ပြီးတော့ကာ ကျနော်တို့ လုပ်စရာကိုင်စရာရှိတဲ့ ကိစ္စများကိုတော့
အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တတ်နိုင်သလောက် လုပ်နိုင်တဲ့
အခြေအနေအတွင်းကနေ လုပ်ကိုင်သွားဖို့ဟာအတွက်ကို ညှိနှိုင်းတာပါပဲ။
အမည်တို့ဘာတို့ကတော့ အရေးမကြီးပါဘူး။ အရေးကြီးတာက
စိတ်ဓာတ်နဲ့ဆက်လက်ရှင်သန်နေဖို့ဆိုတဲ့ ကိစ္စကိုပဲ
ရပ်တည်ဆောင်ရွက်သွားမယ်ဆိုတဲ့သဘောပါ” ဟု ပြောဆိုသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ
(စီအာပီပီ) ကို ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲက
တင်မြောက်လိုက်သည့် ပြည်သူ့လွှတ်တော်ကို ကိုယ်စားပြုပြီး ၁၉၉၈ ခု စက်တင်ဘာ
(၁၆) ရက်တွင် တရားဝင်ဖွဲ့စည်းခဲ့သည်။
နိုင်ငံရေး နှင့် ငွေရေးကြေးရေး
နိုင်ငံရေးတွင် ငွေကြေးသည် အရေးကြီးပါသည်။ နိုင်ငံရေးကို ငွေမရှိလျှင် မလုပ်နိုင်။ ၂ဝ၁ဝ ရွေးကောက် ပွဲတွင် ပြည်သူ့ လွှတ်တော်သို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း တစ်ဦး အတွက် မှတ်ပုံတင်ကြေး အနည်းဆုံး ကျပ်ငါးသိန်း ရှိမှနိုင်ငံရေး လုပ်နိုင်မည် ဖြစ်သည်။ နိုင်ငံရေး ပါတီ ထောင်လျှင်ပင် ပါတီ မှတ်ပုံ တင်ကြေးက သုံးသိန်း ဖြစ်သည်။ ပါတီစုံ ဒီမိုကရေစီ စနစ်တွင် အပြိုင် အဆိုင်သည် အရေးကြီး လာသည်။ ငွေမရှိလျှင် ဒီမိုကရေစီကို သက်ဝင် ယုံကြည်၍ ရသော်လည်းနိုင်ငံရေး မလုပ်နိုင်။ နိုင်ငံရေး လုပ်နိုင်ရန် လူ့အသိုင်း အဝိုင်း၊ ဓန အင်အား အခိုင် အမာ ပြရန်တော့ လိုပါသည်။ လွတ်လပ်စွာ ပြောဆိုခွင့် ရလျှင် လူထုကို ဟောပြော နိုင်ရန် အနည်းဆုံး လော်စပီကာ တစ်စုံ လောက်တော့ငှားရမ်း ရပါ လိမ့်မည်။လော်စပီကာ နှင့် စက်တစ်စုံစာ ငှားရမ်းခ လောက်တော့ အနည်းဆုံး တတ်နိုင် ရပါမည်။ ဒီမိုကရေစီ လုပ်ရန် အရင်း အနှီးတော့ လိုသည်။
ပြဋ္ဌာန်း ဥပဒေများ က နိုင်ငံရေး သမား တို့၏ ငွေကြေး များကို ထိန်းချုပ်သွား ပါလိမ့်မည်။ ပါတီ ထောင်ခြင်းသည် နိုင်ငံရေး လုပ်ရန် ဖြစ်ပြီး နိုင်ငံရေး လုပ်စားရန် မဟုတ်။ နိုင်ငံရေး နှင့် မှီပြီး အမြတ် ထုတ်ရန် မဟုတ်။ နိုင်ငံရေး သမားကို ပါတီကထိန်းချုပ် နိုင်သည်။ ပြဋ္ဌာန်း ဥပဒေ များက ထိန်းချုပ် နိုင်သည်။ပါတီ နှင့် ငွေကြေး ဆိုင်ရာ ကိစ္စ များတွင် ချက်ချင်း လက်ငင်း ထိန်းချုပ် နိုင်ရန် ခက်ခဲသည့် အကြောင်း ခြင်းရာ လေးရပ် ရှိသည်။
၁။ အပြိုင် အဆိုင် အနိုင် ရရေးသာ ဦးစားပေးခြင်း နိုင်ငံရေးတွင် ပြိုင်ဘက် အပေါ် အနိုင်ရရေး အတွက် သတ်မှတ် ချက်များကို လက်တစ်လုံးခြား နည်းဖြင့် ကျော်လွှား အနိုင်ယူရန် ကြိုးစား တတ်သည်။ ထို အချိန်မျိုးတွင် ငွေကြေးကို ပိုမို လွန်ကဲစွာသုံးရန် ဝန်မလေး တတ်ကြပေ။
၂။ ပါတီ အလိုက် ရန်ပုံငွေရနှုန်း မတူညီ နိုင်ခြင်း နယ်မြေ ဒေသ အလိုက်၊ ကိုယ်စားလှယ်လောင်း အလိုက်၊ ပြည်သူ၏ စိတ်ဝင်စားမှု အလိုက် ပါတီ အပေါ် ထောက်ပံ့ နိုင်သည့် ရန်ပုံငွေများ ကွာခြား နိုင်သည်။
၃။ နိုင်ငံရေး သမား အိတ်ထဲသို့ ရောက်သွားခြင်း နိုင်ငံရေးတွင် ပါတီကို ယုံကြည် သဖြင့် ထောက်ပံ့ သည်များ ရှိသလို၊ နိုင်ငံရေး သမားကို ယုံကြည် သဖြင့် လျှို့ဝှက် ထောက်ပံ့ သည်များလည်း ရှိနိုင်သည်။ တိတ်တဆိတ် ရောက်သွားသည့် ငွေကြေးကိုထိန်းချုပ် နိုင်ရန် ခက်ခဲသည်။
၎။ နိုင်ငံရေး အမည်း စက်ဖျက်ရခက်ခြင်း ငွေမည်း နှင့် တရား မဝင် ရသည့် ငွေကြေး များကို လက်ခံ ထားလျှင် ပါတီ စနစ်နှင့် မူဝါဒကို အားနည်း စေပြီး ကျဆုံး ခြင်းကို ဦးတည်စေ နိုင်သည်။
အထက်ပါ အချက်လေး ချက်ကို မထိန်းချုပ် နိုင်လျှင် နိုင်ငံရေးသာ မက နိုင်ငံ တစ်နိုင်ငံ ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ကိုပါ ထိခိုက် နိုင်သည်။
နိုင်ငံရေးတွင် နိုင်ငံရေး ပါတီနှင့် နိုင်ငံရေး သမားတို့အား ငွေရေး ကြေးရေး အရ ထိန်းချုပ် နိုင်သည့် အချက် ငါးချက် ရှိသည်။
၁။ တရားဝင်ငွေကြေးထည့်ဝင်မှုများကို ကန့်သတ်ခြင်း
၂။ တရားမဝင်ငွေကြေးများကို တားမြစ်ပိတ်ပင်ခြင်း
၃။ ငွေသုံးစွဲမှုပမာဏကို ကန့်သတ်ခြင်း
၎။ စည်းရုံးလှုပ်ရှားချိန်ကို ကန့်သတ်ခြင်း
၅။ လူသိရှင်ကြား ထုတ်ဖော်ခိုင်းခြင်းတို့ဖြစ်သည်။
နိုင်ငံရေးတွင် ငွေကြေးဆိုင်ရာသုံးစွဲမှုများနှင့် ဝင်ငွေများကိုကန့်သတ်ထားရခြင်းမှာ ဥပဒေကို လိုက်နာနိုင်စေရန်နှင့် အများ ပြည်သူ အမြင်တွင် မတော် မတရား စည်းရုံး လှုပ်ရှား မှုများ ပြုလုပ် မနေကြောင်း ထင်သာ မြင်သာ ရှိစေရန် ဖြစ်သည်။
နိုင်ငံရေးတွင် ပြည်သူနှင့် နိုင်ငံရေး သမား၊ နိုင်ငံရေး ပါတီ တို့သည် ပွင့်လင်း မြင်သာသည့် အသွင် ဆောင်နေရန် အရေးကြီးသည်။
နိုင်ငံရေး သမားနှင့်နိုင်ငံရေးပါတီတို့သည် ပြည်သူကအမြင်ရှင်းရန်
၁။ ရငွေ သုံးငွေ စာရင်း များကို အမြဲ ပြုစု ထားပြီး အစစ်ဆေး ခံနိုင်ရန် အသင့် အနေ အထားတွင် အမြဲ ရှိနေ ရပါ လိမ့်မည်။
၂။ နိုင်ငံရေး စည်းရုံး လှုပ်ရှားပွဲများ အတွက် ကုန်ကျစရိတ်၊ ပါတီ ရန်ပုံငွေ တို့ကို မည်သူ စစ်ဆေးသည် ဖြစ်စေ အစစ်ဆေးခံ နိုင်ရန် အမြဲ အသင့် အနေအထားတွင် ရှိနေ ရပါ လိမ့်မည်။
ရိုးသား ပွင့်လင်းမှု၊ ပြည်သူကို ထုတ်ဖော် တင်ပြ နေမှု၊ အမှန် အမှန် အတိုင်း အရှိ အရှိ အတိုင်း ပြည်သူကို သိနိုင်ရန် ကြိုးစား နေရ မည်မှာ မိမိတို့ တာဝန် ဖြစ်ကြောင်း သဘောပေါက် ထားရန်လည်း လိုသည်။ ရိုးသား ပွင့်လင်း မှုသည် နိုင်ငံရေး တွင် နည်းဗျူဟာ တစ်ခု ဖြစ်ကြောင်း ကိုလည်း နိုင်ငံရေး သမားများ နှင့် နိုင်ငံရေး ပါတီမျာ သဘော ပေါက်ထားရန် လိုပါသည်။ ငွေကြေး အရ ယုံကြည်မှု မရှိ၊ အလွဲ သုံးစား ပြုနေကြောင်း ပြည်သူက သိလျှင် ပါတီ သို့မဟုတ် နိုင်ငံရေး သမား ကျဆုံးရမည်သာ ဖြစ်သည်။
USAID မှ နိုင်ငံပေါင်း ၁၁၈ နိုင်ငံတွင် လေ့လာ ဆန်းစစ်ချက် များအရ နိုင်ငံအတော် များများသည် မိမိတို့ နိုင်ငံရှိ နိုင်ငံရေး ပါတီ နှင့် နိုင်ငံရေး သမား များကို ထိန်းချုပ် ရကောင်းမှန်း မသိဟု ဆိုထားသည်။
USAID ၏ အစီရင် ခံစာကို အကျဉ်းချုပ် ဖော်ပြ ရလျှင်
၁။ အလှူရှင်များကို ဖုံးကွယ် ထားခြင်း နိုင်ငံရေး ပါတီ တစ်ရပ်သည် ရွေးကောက်ပွဲ အတွက် ကုန်ကျ စရိတ် အမှန် မည်သူ့ထံက ရသည်ကို ထုတ်ပြန်ရန် အားနည်းတတ် ကြသည်။ ၁၁၈ နိုင်ငံတွင် ၃၂ ရာခိုင်နှုန်းေ လာက်သာ အလှူုရှင် များ၏ အမည်ကို
ထုတ်ဖော်ကြောင်း တွေ့ရသည်။ သို့ဖြစ်ရာ နိုင်ငံ အများစု တွင် နိုင်ငံရေး ပါတီများ သည် မဲဆွယ် လှုပ်ရှားမှုများတွင် ရချင် သလိုရ၊ သုံးချင် သလို သုံး ပြည်သူတွေ အစစ်ဆေး မခံ နိုင်ရန် လျှို့ဝှက် ဖုံးကွယ် မှုများ ရှိနေ သေးကြောင်း တွေ့ရသည်။
၂။ လျှို့ဝှက် ငွေကြေးများ ထားခြင်း နိုင်ငံ များတွင် ၂၃ ရာခိုင်နှုန်းသည် ဥပဒေ အရ မည်သို့ ဆိုစေ ကာမူ ပါတီ ငွေကြေးကို ထုတ်ဖော်ရန် အားနည်း ကြသည်။ ၁၇ ရာခိုင်နှုန်း တွင် လျှို့ဝှက် ရန်ပုံငွေများ ထားသည် အထိ လုပ်ဆောင် နေကြ သည်။ငွေကို နည်းမျိုးစုံ နှင့် ပါတီ တွေက ရှာနေကြသော်လည်း ရငွေ နှင့် ပြည်သူကို ထုတ်ပြန် အသိပေးသော ငွေမှာ တခြားစီ ဖြစ်နေ တတ်သည်။
၃။ ဖုံးဖုံး ဖိဖိ ပြောကြခြင်း ပါတီများ အမှန်ထက် ပိုပြောလေ့ရှိသည့် ပမာဏမှာ ပါတီဝင် ဦးရေ ဖြစ်ပြီး သူတို့ အမှန်ထက် လျှော့ပြော သည်မှာ ဘဏ္ဍာရေး နှင့် ငွေရေး ကြေးရေး ရသုံး ဖြစ်သည်။ နိုင်ငံရေးတွင် အကျိုး မျှော်ပြီး ငွေပုံ အောထား တတ်သောစီးပွားရေး သမားများလည်း ရှိနိုင် သည်။ ထို လူချမ်းသာကြီး များသည် ပါတီ၏ ရွှေတွင်းကြီးတွေ ဖြစ်နေတတ် သော်လည်း ထို ရွှေဘယ်က ထွက်နေသည် ဆိုသော ရင်းမြစ်ကို ထုတ်ဖော်ရန် ကာယကံရှင် ကလည်း မလိုလား သလို၊ ပါတီတွေက လည်းကိုယ့်ရွှေတွင်း များကို ဖုံးကွယ် ပေးထား တတ်သည်။ ထို့ကြောင့် ငွေကြေး သုံးစွဲမှု များကို ဥပဒေများ နည်းဥပဒေများဖြင့် ကန့်သတ် ထားရခြင်း ဖြစ်သည်။ပါတီရန်ပုံငွေ ဘယ်ကလာသနည်း၊ ဘယ်ပုံဘယ်နည်းရှာသနည်းဆိုသည်မှာ ခန့်မှန်းရခက်လှသည်။ ငွေကြေးနှင့်ပတ်သက်နေသောကြောင့်လည်း ယုံကြည်မှုရနိုင်ရန် ခက်ခဲလှကြောင်း သတိပြုရန်လိုသည်။ ပါတီငွေကြေးဆိုင်ရာကိစ္စများ၊ရသုံးစာရင်းများကိုပြည်သူတို့ စိတ်ဝင်စားမှုနည်းပါးလှသည်။ အရာရာ ငါတို့နှင့်မဆိုင်ဆိုသည့် စိတ်ဓာတ်များကြောင့်လည်း ပါတီနှင့်နိုင်ငံရေးသမားတို့လှည့်စားမှုများကို ပြည်သူတို့ခံနေကြရခြင်းဖြစ်သည်။
နိုင်ငံတိုင်း၏ နိုင်ငံရေး တို့သည် သူ့သဘော သူဆောင်ပြီး ထူးခြားသော အသွင် လက္ခဏာများ ရှိကြသည်။ နိုင်ငံ များရှိ NGO များ၊ နိုင်ငံရေး သမားများ၊ မီဒီယာများ၊ နိုင်ငံရေး သုတေသီများ၊ ဒေသ ဆိုင်ရာ နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့်နိုင်ငံတိုင်း၏ နိုင်ငံရေး တိုင်းတွင် တစ်နည်း မဟုတ် တစ်နည်း နည်းဖြင့် ပတ်သက် နေကြသည်သာ ဖြစ်သည်။ အဖြေ မထုတ်နိုင်သည့် နိုင်ငံရေး ပြဿနာ မရှိရ လေအောင် ဝိုင်းဝန်း ကူညီ ရန်လည်း အသင့် ရှိနေ ကြသည်သာ ဖြစ်သည်။ နိုင်ငံ တစ်နိုင်ငံ၏ နိုင်ငံရေး သမိုင်းသည် သိသာ မြင်သာသည့် အနေ အထားတွင် ရှိသော်လည်း နိုင်ငံရေး ပါတီနှင့် နိုင်ငံရေး သမား တို့၏ ဝင်ငွေကို သိနိုင်ရန်မှာ ခက်ခဲ လှသည်။ နိုင်ငံ တစ်နိုင်ငံတွင် နိုင်ငံရေး သမား တစ်ယောက် အနိုင် ရရေး အတွက် အသုံး ပြုသည့်ငွေကြေး ပမာဏကို စာရင်းပြုစု မှတ်တမ်း တင်ထား နိုင်ရန်လည်း အရေးကြီး လှသည်။ အနည်းဆုံး ထိုငွေများ ဘယ်က လာသနည်း ဆိုသည့် အကြောင်း လောက်ကိုတော့ သိထားရန် လိုပါသည်။
နိုင်ငံရေး ဆိုင်ရာ ငွေကြေး ရသုံး စာရင်းကို အမှန် အတိုင်း မသိရှိ ရလျှင် ထိုပါတီ သို့မဟုတ် နိုင်ငံရေး သမား နောက်ကွယ်တွင် မည်သူတွေ ရှိနေ သနည်း၊ မည်သည့် အဖွဲ့ အစည်း များနှင့် ပူးပေါင်း ဆောင်ရွက် နေသနည်း၊ ပြည်တွင်းလား ပြည်ပလား၊နိုင်ငံသူ နိုင်ငံသား လား၊ နိုင်ငံရေး စိတ်ဝင်စား သူတွေလား၊ မူးယစ် ဆေးဝါး ရောင်းဝယ်နေသည့် အဖွဲ့ အစည်း များလား စသည်ဖြင့် သို့လော သို့လော သံသယ ပွားစရာတွေ ဖြစ်လာ နိုင်ပါသည်။ ရာဇဝတ်ကြောင်း နှင့် မကင်းသည့် ငွေကြေးများ၊ နိုင်ငံခြား တိုင်းပြည်များ မှ အထောက် အပံ့များ ဖြစ်လျှင် ထိုပါတီ သို့မဟုတ် နိုင်ငံရေး ပါတီများ အတွက် အန္တရာယ် ရှိနိုင်သည်။ နိုင်ငံရေး ငွေကြေး ဆိုသည်မှာ ဒီမိုကရေစီရေး အတွက်လည်း အလွန် အရေး ကြီးသည်။ သန့်ရှင်းသော အစိုးရ တစ်ရပ် ပေါ်ပေါက် လာရေး အတွက် သန့်ရှင်းသည့် နောက်ခံ များလည်း ရှိရန် လိုပါသည်။ နိုင်ငံ တစ်နိုင်ငံ ၏ ရွေးကောက် ပွဲသည် ရလဒ် အမျိုးမျိုး ရှိနိုင်သည်။ ပါတီတွေလည်း အမျိုးမျိုးသော မူဝါဒ လမ်းစဉ်များ ချမှတ်ပြီး ပြည်သူကို စည်းရုံး လှုပ်ရှား နိုင်သည်။ ဒီမိုကရေစီနှင့် အစိုးရ အပေါ် ငွေကြေးဖြင့် ကျော်လွန်ပြီး လွှမ်းမိုး ဖော်ဆောင် လာမှုများ ကိုတော့ သတိထား ရမည် ဖြစ်သည်။ နိုင်ငံရေး ဆိုသည်မှာ သည်းခြေကြိုက်စာ ဖြစ်သည်။
တင်ညွန့်
၂၂ . ၄ . ၂၀၁၀ The Voice