အမျိုးသမီးရေးရာ

ကမ္ဘာ့အမျိုးသမီးများနေ့


စီးပွါးရေး၊ နိုင်ငံရေးနဲ့ လူမှုရေးစတဲ့ နယ်ပယ်ကနေ ကိုယ်ကျိုးစွန့်ပြီး အများအကျိုးသယ်ပိုးခဲ့တဲ့၊ အောင်မြင်မှုတွေ ရခဲ့တဲ့ အမျိုးသမီးများကို ဂုဏ်ပြုတဲ့အနေနဲ့ မတ်လ (၈)ရက်နေ့ကို ကမ္ဘာ့အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ခဲ့ကြတယ်။ တစ်ပြိုင်ထဲမှာပဲ ၁၉၁၁ ခုနှစ် အမေရိကန် နယူးယောက်မှာရှိတဲ့ တြိဂံအထည်စက်ရုံ (Triangle Shirtwaist Factory) မီးလောင်စဉ်က သေဆုံးခဲ့တဲ့ အမျိုးသမီးလုပ်သား ၁၄ဝဦးကို အောင်းမေ့တမ်းတတဲ့နေ့လည်း ဖြစ်တယ်။

ကမ္ဘာ့အမျိုးသမီးများနေ့ သတ်မှတ်ဖို့ အစီအစဉ်ကို ၂ဝရာစု နှစ်ဦးပိုင်းက စခဲ့တယ်လို့ သိရတယ်။ အဲဒီအချိန်တုန်းက အနောက်နိုင်ငံဟာ စက်မှုလက်မှုနိုင်ငံအဖြစ် အလျှင်အမြန် တိုးတက်နေတဲ့အချိန် ဖြစ်တယ်။ ပင်ပန်းလွန်းတဲ့အလုပ်နဲ့ လခနည်းမှုကြောင့် အလုပ်သမားတွေက ဆန္ဒအမျိုးမျိုးပြပြီး သပိတ်မှောက်ခဲ့ကြတယ်။ ၁၈၅၇ခုနှစ် မတ်လ (၈)ရက်နေ့မှာ အမေရိကန် နယူးယောက်မှာရှိတဲ့ အထည်စက်ရုံက အမျိုးသမီးလုပ်သားတွေ လမ်းပေါ်တက် သပိတ်မှောက်ခဲ့ကြတယ်။ သပိတ်မှောက် အမျိုးသမီးတွေကို စစ်အင်အားသုံးပြီး လူစုခွဲနိုင်ခဲ့ပေမယ့် သပိတ်မှောက်ပြီး ၂နှစ်အကြာ မတ်လမှာ ပထမဆုံးသော အလုပ်သမား အစည်းအရုံးကို စတင်ထူထောင်နိုင်ခဲ့တယ်။ အဲဒီနောက် နှစ်တွေကြာလာသည့်တိုင် နှစ်စဉ်နှစ်တိုင်း မတ်လ (၈)ရက်နေ့ရောက်တိုင်း ဆန္ဒပြမှုတွေ ရှိခဲ့ကြတယ်။ လူသိအများဆုံးက ၁၉ဝ၈ခုနှစ်မှာ အမျိုးသမီးလုပ်သား ၁၅ဝဝဝဦး နယူးယောက်လမ်းပေါ်ထွက်ပြီး အလုပ်ချိန်လျှော့ပြီး လခတိုးပေးဖို့ တောင်းဆိုတာပဲဖြစ်တယ်။

ကနဦးအစမှာ ၁၉ဝ၉ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကို ပထမဦးဆုံးသော အမျိုးသမီးနေ့အဖြစ် သတ်မှတ်ခဲ့ကြတယ်။ အမေရိကန် ဆိုရှယ်လစ်ပါတီက နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလရဲ့ နောက်ဆုံးပတ် တနင်္ဂနွေနေ့မှာ အထိမ်းအမှတ်ပွဲ ပြုလုပ်ရမယ်လို့ ကြေညာခဲ့တယ်။ ကြေညာချက်အတိုင်း အထိမ်းအမှတ်ပွဲကို ၁၉၁၃ ခုနှစ်အထိ နှစ်တိုင်းကျင်းပခဲ့ကြတယ်။ ၁၉၁၁ခုနှစ် မတ်လ (၁၉)ရက်မှာ သြစတေးယား၊ ဒိန်းမတ်၊ ဂျာမဏီနဲ့ ဆွီဒင်စတဲ့ နိုင်ငံတွေက လူပေါင်း ၁ဝသိန်းကျော်က ပျော်ပွဲရွှင်ပွဲ အမျိုးမျိုးနဲ့ ကမ္ဘာ့အမျိုးသမီးများနေ့ကို ဂုဏ်ပြုခဲ့ကြတယ်။ အဲဒီလိုကျင်းပပြီး ၆ရက်မြောက်တဲ့နေ့ မတ်လ (၂၅)ရက်နေ့မှာ နယူးယောက်မှာရှိတဲ့ တြိဂံအထည်စက်ရုံ မီးလောင်မှု ဖြစ်ပွါးခဲ့တယ်။ အမျိုးသမီး ၁၄ဝဦး မီးလောင်သေဆုံးခဲ့ရတယ်။ အများစုက အီတလီနဲ့ ဂျူးလူမျိုးတွေဖြစ်ကြတယ်။

ပထမကမ္ဘာစစ် မဖြစ်ပွါးမီ ၁၉၁၃ခုနှစ် မတ်လ (၈)ရက်နေ့မှာ ဥရောပမှာရှိတဲ့ အမျိုးသမီးထုတွေ လမ်းပေါ်တက် ဆန္ဒပြခဲ့ကြတယ်။ ငြိမ်းချမ်းသော စုစည်းမှုအဖြစ် စစ်ဖြစ်ပွါးမှုကို ဆန့်ကျင်ခဲ့ကြတာဖြစ်တယ်။

ကမ္ဘာ့အမျိုးသမီးများနေ့ကို ဂုဏ်ပြုတဲ့ပွဲဟာ နောက်ပိုင်းမှာ ရုရှားတော်လှန်ရေးရဲ့ နိဒါန်းလည်း ဖြစ်ခဲ့သေးတယ်။ ၁၉၁၇ ခုနှစ် မတ်လ (၈)ရက်နေ့မှာ ရုရှားအမျိုးသမီးထုတွေ "Bread and peace" ပေါင်မုန့်နဲ့ငြိမ်းချမ်းရေး တောင်းဆိုမှုနဲ့ သပိတ်မှောက်ခဲ့ကြတယ်။ ၄ရက်မြောက်နေ့မှာ Czar ဘုရင်ကို ရာထူးက ဖယ်ရှားပစ်ပြီး ယာယီအစိုးရက အမျိုးသမီးတွေ မဲပေးပိုင်ခွင့်ရှိကြောင်းကို ထုတ်ပြန်ကြေညာလိုက်တယ်။ အောက်တိုဘာတော်လှန်ရေး အောင်မြင်ပြီးနောက် Bolshevik (Большевик) ရဲ့ အမျိုးသမီး လှုပ်ရှားသူ Alexandra Kollontai က မတ်လ (၈)ရက်နေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့တယ်။ ဆိုဗီယက် ပြည်ထောင်စု ခေတ်ကာလက "သူရဲကောင်း အမျိုးသမီးလုပ်သား" နေ့ကို နှစ်စဉ်နှစ်တိုင်း မတ်လ (၈)ရက်နေ့မှာ ကျင်းပခဲ့တယ်။ ဒါပေမယ့် လူထုတွေကြားမှာ အဲဒီအထိမ်းအမှတ်ပွဲဟာ နိုင်ငံရေးအငွေ့တွေ တဖြေးဖြေး ပျောက်ကွယ်လာပြီး အနောက်နိုင်ငံက ပြုလုပ်ကျင်းပတဲ့ "မိခင်များနေ့" နဲ့ "ချစ်သူများနေ့" တွေလို အမျိုးသမီးထုကို ချစ်ခင်လေးစားတဲ့ ဂုဏ်ပြုပွဲအဖြစ်သို့ ပြောင်းလာခဲ့တယ်။ ဒီနေ့ထိတိုင် မတ်လ (၈)ရက်နေ့ကို ရုံးပိတ်နေ့အဖြစ် ရုရှားတွေက သတ်မှတ်ခဲ့ကြတယ်။ အဲဒီနေ့ရောက်တိုင်း အမျိုးသားတွေက အမျိုးသမီးတွေကို ပန်း၊ လက်ဆောင်ပစ္စည်းတွေ ပေးကမ်းဂုဏ်ပြုကြတယ်။

၁၉၇၅ ခုနှစ် ကမ္ဘာ့အမျိုးသမီးများနေ့ကစပြီး ကုလသမဂ္ဂက နှစ်စဉ်နှစ်တိုင်း မတ်လ (၈)ရက်နေ့မှာ အထိမ်းအမှတ်ပွဲတွေနဲ့ ကမ္ဘာ့အမျိုးသမီးများနေ့ကို ဂုဏ်ပြုခဲ့တယ်။

http://zh.wikipedia.org/wiki


http://en.wikipedia.org/wiki/International_Women

အမျိုးသမီးများ အဖက်ဖက်မှာ လှပနိုင်ကြပါစေ...

နိုင်းနိုင်းစနေ