သုတေသန



နတ်မဖွက်ဘဲ ပျောက်တဲ့ မိန်းကလေးငယ် ဆယ်ကုဋေ
စောထူးပွယ်

ရုတ်တရက် ကျွန်မ၏နောက်ကျောဘက်မှ အဝတ်ခြင်းတောင်းထဲသို့ တစ်ခုခု ရွေ့လျားသွားကြောင်း သတိထားမိလိုက်သည်။ ကျွန်မ အလွန်ပင် တုန်လှုပ်သွားပါတော့သည်။ အဝတ်ခြင်းထဲတွင် ခြေထောက်သေးသေးလေးနှစ်ချောင်းကို တွေ့လိုက်ရပါသည်။ လက်သည်သည် ကလေးကို အရှင်လတ်လတ် ထိုအဝတ်တောင်းထဲသို့ လွှင့်ပစ်လိုက်ဟန် ရှိပါသည်။ ထိုနေရာသို့ ကျွန်မ အပြေးကလေး ရောက်သွားပါသည်။ သို့သော် ကျွန်မနှင့်အဖော်အဖြစ် ပါလာသော ရဲနှစ်ဦးကတော့ ကျွန်မ၏ပခုံးကိုကိုင်ရင်း “ထားလိုက်ပါတော့၊ မကယ်နိုင်တော့ဘူး။ နောက်ကျနေပြီပဲ” ဟုဆိုသည်။
“ဒါလူသတ်မှုပဲရှင့်။ ရှင်တို့က ရဲသားတွေလေ” ခြေထောက်ကလေးများကို ကျွန်မတွေ့ နေရသေးသည်။ ရဲသားတွေက ကျွန်မ၏ပခုံးကို အတော်ကြာအောင် ကိုင်ထားရသည်။ “သမီး မိန်းကလေးမွေးရင် ဒီလိုလုပ်တာ မဆန်းတော့ပါဘူး” ဟု အသက်ကြီးကြီး အမျိုးသမီးတစ်ဦးက နှစ်သိမ့်သောအားဖြင့် ပြောလာသည်။ အဝတ်ခြင်းကို လက်ညှိုးထိုးရင်း “ကလေးက အသက်ရှိ နေသေးတယ်လေ” ဟု ကျွန်မပြောသောအခါ “အဲဒါ (သား)ကလေးမှ မဟုတ်ဘဲ။ မိန်းကလေး လေ။ တို့မှ မမွေးနိုင်တာဘဲ။ တို့နယ်ဘက်တွေမှာ သားကလေးမမွေးဘဲနဲ့ အရာမရောက်ဘူး။ မိန်းကလေးတွေက စာရင်းထဲ ထည့်တွက်မရဘူးလေ” ဟု ကျွန်မကို ထပ်ပြီး ရှင်းပြနေပါတော့သည်”။
ရှင်းရန်ရွှေဆိုတဲ့ တရုတ်အမျိုးသမီး စာရေးဆရာမတစ်ဦးဟာ ရှန်တုန်းခရိုင်ထဲက ယီမန်နယ်ဆီက တောင်သူလယ်သမားမိသားစုတစ်ခုကို သွားရောက်လည်ပတ်ရင်း တွေ့ကြုံခဲ့ရတဲ့အဖြစ်ကို ‘အမည်မဖော်လိုသော တရုတ်မိခင်တစ်ဦးထံမှ ပေးစာ’ ဆိုတဲ့စာအုပ်ထဲမှာ အထက်ကအတိုင်း ဖော်ပြထားခဲ့ပါတယ်။
၂၀၁၀ ပြည့် ဇန်နဝါရီလမှာ တရုတ်လူမှုသိပ္ပံ အကယ်ဒမီ (CASS)က သမီးမိန်းကလေးတွေကို စာရင်းထဲမသွင်းချင်တဲ့ နိုင်ငံတွေမှာ ဘာတွေဖြစ်လာနိုင်တယ်ဆိုတဲ့ လေ့လာမှုတစ်ခုကို ဖော်ပြခဲ့ပါတယ်။ ဆယ်နှစ်လောက် လေ့လာအပြီးမှာ သူတို့ သိရှိခဲ့ရတာကတော့ ယောကျာ်းလေး ငါးဦးမှာ တစ်ဦးဟာ ဘဝကြင်ဖော်မိန်းကလေး ရှာတွေ့နိုင်ဖို့ ခက်သွားတာပါပဲ။ အဲဒါတောင်မှ ၁၉ နှစ် မပြည့်သေးတဲ့ ယောကျာ်းလေးတွေ အတွက် ပြောတာပါ။ ၂၀၂၀ ပြည့်နှစ်ကိုရောက်ရင် ယောကျာ်းလေး အရေအတွက်က ရွယ်တူ မိန်းကလေး အရေအတွက်ထက် သန်း ၃၀၊ သန်း ၄၀ လောက် ပိုများနေပါလိမ့်မယ်။ နှိုင်းယှဉ်ပြောရရင် ဂျာမနီ၊ ပြင်သစ်နဲ့ ဗြိတိန်တို့မှာရှိတဲ့ အသက် ၂၀ အောက် ယောကျာ်းလေးဦးရေ ၂၃ သန်းရှိပြီး၊ အမေရိကန်မှာတော့ အဲဒီအရွယ် ယောကျာ်းလေး သန်း ၄၀ ရှိလာပါလိမ့်မယ်။ ဒါကြောင့်မို့ ဆယ်နှစ်အတွင်းမှာ ဥရောပတိုက်က အကြီးဆုံးသုံးနိုင်ငံမှာရှိတဲ့ ယောကျာ်းလေး ဦးရေရဲ့ နှစ်ဆနီးပါး၊ ဒါမှမဟုတ် အမေရိကန်က ယောကျာ်းလေးဦးရေ လောက်ရှိတဲ့ တရုတ်နိုင်ငံက လူငယ်ယောကျာ်းလေးတွေဟာ လက်ထပ်ဖို့ရာ၊ အိမ်ထောင်ကျဖို့ရာ၊ သားသမီးတွေ ဆက်လက် မျိုးဆက်ချန်ထားဖို့ရာ ပြဿနာ နဲ့ ရင်ဆိုင်ရတော့မှာပါပဲ။
ဒီလို ဣတ္ထိလိင်ရှိတဲ့ ကလေးငယ်တွေပေါ် မှာ တစ်ဖက်သက် ထိုးစစ်ဆင်နေတဲ့ လိင်မျိုးတုံးစစ်ပွဲ (Genocide) တစ်ရပ်ဟာ တရုတ်နိုင်ငံ ရဲ့ တစ်အိမ်ထောင် ကလေးတစ်ဦးမူဝါဒ၊ ဆင်းရဲ မွဲတေမှုနဲ့၊ အသိဥာဏ်နည်းပါးမှုတွေကြောင့် ပေါ်ထွက်လာခဲ့တယ်လို့ ၁၉၈၅ ခုနှစ်မှာ မာရီအန်းဝါရင်ဆိုတဲ့ ပညာရှင်အမျိုးသမီးက စာအုပ်ရေးသား ဖော်ပြခဲ့ဖူးပါသေးတယ်။ တရုတ်နိုင်ငံမှာတော့ လူပျိုကြီးတွေကို အရွက်မရှိတဲ့ သစ်ကိုင်းလို့ အဓိပ္ပာယ်ရတဲ့ ‘ကွမ်ကန်း’ လို့ ခေါ်ကြပါတယ်။ အဲသလို အရွက်မရှိတဲ့ သစ်ကိုင်းတစ်ဖြစ်လဲ လူပျိုကြီးတွေဟာ ၁၉၉၀ ပြည့်နှစ်နဲ့ ၂၀ဝ၅ ခုနှစ် ကြားမှာ သိသိသာသာ တိုးပွားလာတာဟာ ၁၉၇၉ ခုနှစ်မှာ စတင်လိုက်တဲ့ တစ်အိမ်ထောင် ကလေးတစ်ဦးမူဝါဒနဲ့ ဆက်နွှယ်မှုရှိတယ်ဆိုတာ ထင်ရှားလွန်းပါတယ်။ ဒီအချက်ကို တရုတ်နိုင်ငံ က လက်ခံလာပြီဖြစ်ပေမယ့်၊ သမီးမိန်းကလေးတွေပေါ်မှာ ဆင်နေတဲ့ ထိုးစစ်ကိုတော့ အသိမှတ်ပြုခြင်း၊ ရပ်တန့်နိုင်ခြင်း မရှိသေးပါဘူး။
အဲသလို သမီးမိန်းကလေးဆို မိသားစုထဲကို အရောက်မခံလိုလို့ လက်စတုံးတဲ့ အဖြစ်မျိုးတွေဟာ အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာလည်း ရှိနေတာပါပဲ။ တခြားအရှေ့အာရှနိုင်ငံတွေဖြစ်တဲ့ တောင်ကိုရီးယား၊ စင်ကာပူနဲ့ တိုင်ပေ (တရုတ်) တို့မှာလည်း ယောကျာ်းလေးမွေးနှုန်းက ပိုများနေပါတယ်။ ဆိုဗီယက်ပြည်ထောင်စုကြီး ကွဲပြိုသွားပြီးနောက်ပိုင်း ကော့ကေးဆပ် နဲ့ အနောက် ဗော်လကန်ဒေသမှာရှိတဲ့ နိုင်ငံတွေမှာလည်းပဲ ဒီပုံဒီနည်းအတိုင်းပဲ ဖြစ်နေပါတယ်။ အမေရိကတိုက်ထဲမှာတောင်မှ အားလုံးရယ်လို့ မဟုတ်ပေမယ့်၊ တချို့နေရာဒေသတွေမှာ ယောကျာ်းလေးဦးရေက ပိုနေပါတယ်။
“ဒီလိုဖြစ်လာရတဲ့ အခြေခံအကြောင်းအရင်းက နိုင်ငံတစ်ခုရဲ့ မူဝါဒနဲ့ပဲ ဆိုင်တယ်လို့ ပြောလို့မရတော့ပါဘူး။ ထင်မိထင်ရာသဘော နဲ့ သားယောကျာ်းလေး လိုချင်လွန်းတာ၊ သန္ဓေသား အဆင့်မှာကတည်းက ကလေးဟာ ယောကျာ်းလေးဖြစ်မယ်၊ မိန်းကလေးဖြစ်မယ် သိနိုင်လာတာနဲ့၊ သားသမီးဖြစ်ထွန်းမှု လျှော့ကျလာတာတွေကြောင့် ဖြစ်ရမယ်” လို့ လူဦးရေပညာရှင် တစ်ဦးဖြစ်တဲ့ နစ်ခ်အဘာစတတ်ဒ်က ပြောလာပါတယ်။ ဒီကိစ္စဟာ ကမ္ဘာ့ရေစီးကြောင်းတစ်ခု အဖြစ်ဦးတည်နေပြီ။ ဆိုလိုတာကတော့ သမီး မိန်းကလေးဆိုရင် မလိုချင်ဘူးဆိုတာဟာ တစ်ကမ္ဘာလုံးမှာ ဖြစ်နေပြီ။

အမှန်တော့ ယောကျာ်းလေးတွေဟာ မိန်းကလေးတွေထက် ကလေးဘဝမှာ ပိုပြီး သေဆုံးပျက်စီး လွယ်ပါတယ်။ ဒီလိုဆိုရင် သားယောကျာ်းလေးတွေ ပိုယူကြရင်တောင် မိန်းကလေးဦးရေနဲ့ ပြန်ပြီးမျှနေရမှာပါ။ လူ့အဖွဲ့အစည်းတိုင်းမှာ သမီးမိန်းကလေး ဦးရေ ၁၀ဝ မွေးတိုင်း သားယောကျာ်းလေး မွေးနှုန်းက ၁၀၃ ဦးကနေ ၁၀၆ ဦးလောက်ထိ ရှိတတ်ပါတယ်။ ဒီပမာဏအချိုးအစားဟာ ကာလရှည်ကြာ တည်ငြိမ်နေခဲ့ပါတယ်။
အဲဒီအချိုးအစားမှာ ပြောင်းလဲမှုတွေ ရှိလာခဲ့တာကတော့ လွန်ခဲ့တဲ့ ၂၅ နှစ်မှာ စတင် တာပါပဲ။ တရုတ်နိုင်ငံမှာ ၁၉၈၅ ခုနှစ်နဲ့ ၁၉၈၉ ခုနှစ်ကြား မွေးဖွားမှုတွေရဲ့ လူမှုလိင်ကွာခြားမှု အချိုးအစားဟာ ၁၀၆ ဦးရှိနေခဲ့ပါတယ်။ ၂၀ဝ၀ ခုနှစ်နဲ့ ၂၀ဝ၄ ခုနှစ်ကြားကိုရောက်တော့ အချိုးအစားက ၁၂၄ ဦးထိ မြင့်တက်သွားပါပြီ။ (မိန်းကလေး ၁၀ဝ မွေးတယ်ဆိုရင် ယောကျာ်းလေး ၁၂၄ ဦးမွေးတယ်လို့ ဆိုလိုပါတယ်။) ဒီလို မွေးနှုန်း ကွာခြားလာတာဟာ သဘာဝအတိုင်းပဲလို့တော့ ပြောမရပါဘူး။ ဒါဟာ လူတွေရဲ့ ပယောဂမကင်းဘဲ ဖြစ်လာရတာပါ။
တရုတ်နိုင်ငံရဲ့ ပျမ်းမျှလိင်ကွာဟမှု အချိုးအစား ဖုံးကွယ်နေတာကတော့ ပြည်နယ် တစ်ခုချင်းစီမှာရှိတဲ့ လိင်ကွာဟမှု အချိုးအစားပါပဲ။ ၂၀ဝ၅ ခုနှစ်မှာ တွေ့ရှိချက်အရဆိုရင် တိဘက်ဒေသကလွဲလို့ တရုတ်နိုင်ငံရဲ့ အရှေ့ပိုင်း နဲ့ တောင်ပိုင်းမှာရှိတဲ့ ပြည်နယ် ၁၄ခုမှာ မွေးစဉ် လိင်ကွာဟမှုအချိုးအစားဟာ ၁၂၀ နဲ့ အထက်မှာ ရောက်နေပါတယ်။ နောက်ထပ် ပြည်နယ် သုံးခုမှာဆိုရင်တော့ ၁၃၀ ကိုတောင် ကျော်သွားပါသေးတယ်။ တရုတ်လူမှုသိပ္ပံ အကယ်ဒမီကတော့ “လိင်အမျိုးအစား မမျှတမှုဟာ တစ်နှစ်ထက်တစ်နှစ် တိုးမြင့်လာတယ်” လို့ တရားဝင်ပြောဆိုလာပါတယ်။
ဗြိတိန် ဆေးပညာဂျာနယ်(BMJ) မှာ ၂၀ဝ၉ ခုနှစ်က ဝေရှင်ကျူးနဲ့ လီလူ တို့ ရေးသားတဲ့ စာတမ်းကတော့ ဘာကြောင့် ဒီလို မမျှတမှု ဖြစ်နေရတာလဲဆိုတဲ့ အကြောင်းကိုပြဖို့ ကြိုးစား ထားပါတယ်။ နောက်တစ်ခါကျရင်တော့ ယောကျာ်းလေးမွေးလိမ့်မယ်ထင်ပါတယ်ဆိုတဲ့ အထင်နဲ့ သမီးမိန်းကလေးတွေ မွေးဖွားလာတာကို ဖုံးဖုံးဖိဖိ လုပ်ထားတတ်တဲ့ အကျင့်နဲ့ ဆိုင်လိမ့်မယ်လို့ စာတမ်းရှင်တွေက ထင်ကြပါတယ်။ သူတို့တွေးသလိုသာ မှန်ရင်တော့ လိင်ကွာဟမှု အချိုးအစားဟာ အရွယ်ရောက်ပြီးချိန်မှာထက်စာရင် မွေးစာရင်းနဲ့ ကျောင်းအပ်စာရင်းမှာသာ နိမ့်နေရမှာပါ။ တကယ်တော့ ၁၉၉၀ ပြည့်နှစ်မှာတည်းက မွေးစကလေးတွေနဲ့ ၁၅ နှစ်အရွယ်တွေရဲ့ လိင်ကွာခြားမှု အချိုးအစားဟာ တူတူလောက်ဖြစ်နေပါပြီ။ ဒီတော့ ယောကျာ်းလေးတွေ များလာတာဟာ မိန်းကလေးတွေကို မှတ်ပုံမတင်ကြလို့ဆိုတာနဲ့ မဆိုင်ဘဲ လိင်ခွဲခြားပြီး၊ သမီးမိန်းကလေးတွေကို အဓိကထား ကိုယ်ဝန် ဖျက်ချနေလို့ ဖြစ်ရမယ်လို့ ကောက်ချက်ချ ရပါတော့တယ်။


နိုင်ငံတကာမှာ သမီးထက် သား များလာခြင်း

လူတွေရဲ့ ပယောဂကြောင့် လိင်ကွာခြားမှု အချိုးအစား ကွာဟနေရတာဟာ တရုတ်နိုင်ငံ တစ်ခုတည်းမှာတင်မဟုတ်ဘဲ တခြားနိုင်ငံတွေမှာလည်း တွေ့ရပါတယ်။
တိုင်ပေ (တရုတ်)ရဲ့ လိင်ကွာဟမှု အချိုးအစားဟာတော့ ၁၉၈၀ မှာ သာမန်ပဲရှိခဲ့ပြီး ၁၉၉၀ ပြည့်လွန်နှစ်တွေ အရောက်မှာ ၁၁၀ အထိ တက်သွားခဲ့ပါတယ်။ ဒီနေ့အထိ အဲဒီနှုန်းနဲ့ပဲ ဆက်ရှိနေပါတယ်။ တောင်ကိုရီးယားရဲ့ လိင်ကွာဟမှု အချိုးအစားဟာလည်း အဲဒီနှစ်ပိုင်းတွေ မှာ ၁၁၇ အထိရှိခဲ့ပြီး၊ ကမ္ဘာ့အမြင့်ဆုံးနှုန်းကို ရောက်သွားပါတယ်။ နောက်မှသာ ပုံမှန်ပြန် ဖြစ်သွားတာပါ။ ဒီနှစ်နိုင်ငံစလုံးဟာ ချမ်းသာပြီး ပညာမြင့်မြင့်မားမား တတ်ကြပေမယ့်လို့ သားယောကျာ်းလေးပဲ လိုချင်စိတ်ကတော့ ပြင်းထန်ကြတယ်လို့ ဆိုရလိမ့်မယ်။
ဒီတော့ တောင်ကိုရီးယားမှာ ဘယ်လို အကျိုးဆက်တွေ ဖြစ်ပေါ်လာသလဲ ကြည့်ရအောင်ပါ။ သူတို့ဆီမှာ ဘွဲ့ရပညာတတ် ယောကျာ်းလေးတွေဟာ ပြည်ပက မိန်းကလေးတွေနဲ့ အိမ်ထောင်ကျကြပါတယ်။ ၂၀ဝ၈ ခုနှစ်မှာ ကိုရီးယားယောကျာ်းသားနဲ့ နိုင်ငံခြားသူ ဇနီးသည်တို့ လက်တွဲထားတဲ့ သွေးနှောအိမ်ထောင်ဟာ ထိမ်းမြားလက်ထက်မှုရဲ့ ၁၁ ရာခိုင်နှုန်း ဖြစ်လာပါတယ်။ ဒါကြောင့် ကိုရီးယားပီသမှုကို တန်ဖိုးအထားလွန်ကဲတဲ့ နိုင်ငံမျိုးမှာ သွေးနှော အိမ်ထောင်တွေက ကလေးငယ်တွေဟာ အနေရခက်လာပါတယ်။ ကိုရီးယားကျေးလက်ဒေသ
တွေမှာဆိုရင် ၂၀၂၀ ပြည့်နှစ်မှာ သွေးနှောအိမ်ထောင်စုတွေဟာ ထက်ဝက်လောက်ထိ များပြား လာလိမ့်မယ်လို့ ကိုရီးယားအစိုးရက ခန့်မှန်းထားတဲ့ အထိပါပဲ။ အဲဒီက မွေးလာတဲ့ ကလေးတွေ အတွက်တော့ ဝေါဟာရသစ်တစ်ခု ထပ်ပေါ်လာပါတယ်။ ကိုရီးယား-အာရှစပ် (Korean-Asian) ကိုစီရန် (Kosians)ကလေးတွေ ပါတဲ့။
ကွန်မြူနစ်နိုင်ငံတွေထဲမှာ ဆိုရင်လည်း တရုတ်တစ်နိုင်ငံတည်းမှာ ဒီလို လိင်ကွာဟမှု အချိုးအစားမြင့်နေတာ မဟုတ်ပါဘူး။ ဆိုဗီယက် ပြည်ထောင်စုကြီး ပြိုကွဲသွားပြီးတော့ အာမေးနီးယား၊ အဇာဘိုင်ဂျန်နဲ့ ဂျော်ဂျီယာတို့မှာ သားယောကျာ်းလေးကို သမီးမိန်းကလေးထက် ပိုပြီးယူလာကြပါတယ်။ ၁၉၉၁ ခုနှစ်မှာ လိင်ကွာဟမှု အချိုးအစားဟာ သာမန်နှုန်းထားပဲ ရှိနေခဲ့ပြီး၊ ၂၀ဝ၀ ပြည့်လွန်နှစ်တွေမှာတော့ ၁၁၅-၁၂၀ လောက်အထိ မြင့်တက်လာခဲ့ ပါတယ်။ ယူဂိုဆလပ်ခွဲထွက်ရေးဖြစ်ခဲ့တဲ့ ဗော် လကန်ဒေသမှာလည်းပဲ လိင်ကွာဟမှုအချိုးအစား မြင့်တာပါပဲ။ ဆာဗီးယားနဲ့ မက်ဆီဒိုးနီးယားတို့မှာ လိင်ကွာဟမှု အချိုးအစား ၁၀၈ ရှိပါတယ်။ အမေရိကန်မှာ ဆိုရင်လည်းပဲ အဘာစတတ်ဒ်ရဲ့ တွက်ချက်မှုအရ တရုတ်သွေးရော၊ ဂျပန်သွေးရော၊ ဖိလစ်ပိုင်သွေးရော အမေရိကန်အိမ်ထောင်စုတွေက သားသမီးတွေရဲ့ လိင်ကွာဟမှု အချိုးအစားက ၁၉၇၅ ခုနှစ်မှာ ၁၀ဝ ကနေ ၁၀၆ အထိ ရှိခဲ့ပြီး၊ ၂၀ဝ၂ ခုနှစ်မှာ ၁၀၇ကနေ ၁၀၉ အထိ ဖြစ်လာပါတယ်။
နောက်ထပ် အရေးတယူကြည့်ရမယ့် နိုင်ငံကတော့ မွေးစအရွယ် လိင်ကွာဟမှုအချိုးအစား ကိန်းဂဏန်းတွေ ဖော်ပြနိုင်ခြင်းမရှိတဲ့ အိန္ဒိယပဲ ဖြစ်ပါတယ်။ အိန္ဒိယမှာလည်းပဲ တရုတ်မှာလိုပဲ ပြည်နယ်တစ်ခုနဲ့ တစ်ခုကြား ကွာခြားမှု ရှိမယ်လို့ ယူဆရပါတယ်။ အိန္ဒိယရဲ့ အနောက်မြောက်ပိုင်းမှာရှိတဲ့ ပန်ဂျပ်နဲ့ ဟာယာနာပြည်နယ်တွေမှာ ကွာဟမှုအချိုးအစား မြင့်ပါတယ်။ ၂၀ဝ၁ ခုနှစ်မှာ ၆ နှစ်အရွယ် ကလေးငယ်တွေကြား လိင်ကွာခြားမှု အချိုးအစားကို တွက်ကြည့်တော့ ဇီဝဗေဒသဘောအရ ဘယ်လိုမှမဖြစ်နိုင်တဲ့ ၁၀၈ ကို ရောက်နေခဲ့ပါပြီ။ လိင်ကွာဟမှု အချိုးအစား ၁၂၅ ထက်ပိုသွားတဲ့ ပြည်နယ် ၂၀ဝ၁ ခုနှစ်မှာ တစ်ခုသာရှိခဲ့ပြီး ၂၀ဝ၁ ခုနှစ် ရောက်ချိန်မှာတော့ ၄၆ ပြည်နယ်တောင် ဖြစ်လာခဲ့ပါပြီ။
သားယောကျာ်းလေးဖြစ်ထွန်းတာကို ဂုဏ်ယူတဲ့ အစဉ်အလာတွေဟာ တရုတ်နိုင်ငံတို့ တစ်အိမ်ထောင် ကလေးတစ်ဦးလို မူဝါဒတွေကြောင့်ပိုပြီး အားကောင်းလာခဲ့တာပါ။ အဲဒီလို ဣတ္ထိလိင်ဟာ ယုတ်နိမ့်တယ်ဆိုတဲ့ အတွေးအခေါ်တွေ နေရာမှာ မိန်းကလေးတွေကို ယောကျာ်းလေးတွေနဲ့ တန်းတူရည်တူသဘောထားတဲ့ အလေ့အထလုပ်ပေးနိုင်မယ် ဆိုရင်တော့ လိင်ကွာဟမှုအချိုးအစားကို လျှော့ချနိုင်လိမ့်မယ် လို့ မျှော်လင့်ရပါတယ်။ မျှော်သာ မျှော်လင့် ရတယ်၊ တကယ်ဖြစ်လာမယ်ဆိုတာကတော့ သိပ်မသေချာလှပါဘူး။


ဘာကြောင့် သမီး မလိုချင်ရသလဲ

လူ့အဖွဲ့အစည်းတိုင်းကတော့ သား ယောကျာ်းလေးဟာ သမီးမိန်းကလေးထက် မြတ်တယ်လို့ ယူဆကြတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ယောကျာ်းလေးတွေက မိဘကို ပိုပြီး ကြည့်ရှုစောင့်ရှောက်နိုင်မယ်လို့ မျှော်လင့်ကြတာကြောင့်လည်း ပါပါလိမ့်မယ်။ သမီးမိန်းကလေးတွေက သျှောင်နောက်ဆံထုံးပါသွားရင် မိဘတွေကို ပြန်ပြီးပြုစုဖို့ ခက်သွားတတ်ပါတယ်။ ဟိန္ဒူစကားပုံ တစ်ခု ရှိပါတယ်။ သမီးမိန်းကလေးမွေးရတာ ဘေးအိမ်ကစိုက်ခင်းကို ရေလောင်းပေးရသလို မျိုးပဲတဲ့။
သားယောကျာ်းလေးကို ပိုနှစ်သက်တတ်တာကို စစ်တမ်းတွေ ကောက်တော့လည်း တွေ့ရပါတယ်။ ၁၉၉၉ ခုနှစ်မှာ အိန္ဒိယအစိုးရက အမျိုးသမီးတွေဟာ နောက်ကလေးတစ်ယောက် အဖြစ် ယောကျာ်းလေး/မိန်းကလေး ဘယ်သူ့ ကိုပိုသဘောကျသလဲလို့ စစ်တမ်းကောက်ယူ မေးမြန်းရာမှာ မိခင်တွေရဲ့ သုံးပုံတစ်ပုံက သား ယောကျာ်းလေးလိုချင်တယ်လို့ ဖြေကြပါတယ်။ သုံးပုံနှစ်ပုံကသာ သားလေးဖြစ်ဖြစ်၊ သမီးလေးဖြစ်ဖြစ် ကိစ္စမရှိပါဘူးလို့ ဖြေကြတယ်။ သမီးလေးပဲ ဖြစ်စေချင်တယ်လို့ ဖြေသူ အနည်းအကျဉ်းပဲရှိပါတယ်။ ပါကစ္စတန်နဲ့ ယီမင်မှာ စစ်တမ်း ကောက်ယူတော့လည်း ဒီအဖြေမျိုးပဲ ရတာပါပဲ။ တရုတ်နိုင်ငံမှာတော့ လက်သည်တွေဟာ ယောကျာ်းလေး မွေးရင် မိန်းကလေးမွေးတာထက် ပိုပြီးကြေးယူတယ်လို့ သိရပါတယ်။


သားသမီးခွဲခြားတာ ဘယ်လိုမေတ္တာလဲ

ဒုတိယနဲ့ နောက်ပိုင်းကလေးတွေယူမယ့် မိခင်တွေထဲမှာလည်းပဲ သားယောကျာ်းလေးပဲ လိုချင်စိတ်ရှိတာကို တွေ့ရပါတယ်။ သားသမီး နှစ်ဦးရပြီးသား အိန္ဒိယမိခင်တွေထဲက ၆၀ ရာခိုင်နှုန်းဟာ နောင်တစ်ကြိမ် သားသမီးရရင် သား ယောကျာ်းလေးပဲ လိုချင်တယ်လို့ ဆိုကြပါတယ်။ အဲဒီနှုန်းဟာ သားဦးကို သားယောကျာ်းလေး လိုချင်တဲ့နှုန်းထက်တောင် နှစ်ဆများနေပါတယ်။ သားသမီးတွေထဲက သားဦးသမီးဦးနဲ့ သားနှောင်းသမီးနှောင်း တွေပေါ် မိဘတွေ ထားရှိတဲ့ စိတ်တွေက ကွာခြားနေပါတယ်။
၁၉၈၀ ပြည့်လွန်နှစ်တွေ မတိုင်ခင်တုန်းကတော့ ဆင်းရဲတဲ့နိုင်ငံတွေမှာ သားလေးယူမယ်၊ သမီးလေးယူမယ်ဆိုပြီး မရွေးနိုင်သေးပါဘူး။ သဘာဝကြီးက ပေးတာကိုပဲရကြတာပါ။ ဒါပေမယ့် လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း အာလ်ထရာဆောင်း ဓာတ်မှန်နည်းပညာပေါ်လာတော့ ဝမ်းထဲက ကလေးဟာ သားလေးလား၊ သမီးလေးလားလို့ ကြိုသိနိုင်လာပါတယ်။ ဒီနည်းပညာတွေကြောင့် အပြောင်းအလဲတွေ ဖြစ်လာပါတော့တယ်။ “ဒီနေ့ ရူပီးငါးထောင်သုံးပြီး နက်ဖြန်ကုန်မယ့် ရူပီးငါးသောင်းကို ချွေတာလိုက်ပါ” လို့ အိန္ဒိယက ဆရာဝန်တွေက ကြော်ငြာ လာကြပါတယ်။ သတို့သမီးက သတို့သားဘက် ကို တင်တောင်းရတဲ့ဓလေ့နဲ့ အိန္ဒိယမှာ ခန်းဝင် တင်တောင်းငွေ မကုန်အောင်ဆိုပြီး သမီးလေးတွေကို သန္ဓေသားအဆင့်မှာတည်းက ဖျက်ချဖို့ စွဲဆောင် ကြပါတယ်။ သားကလေး လိုချင်တဲ့ မိဘတွေဟာ သမီးကလေး ရမှ သတ်ပစ်ဖို့ မလိုတော့ဘဲ သန္ဓေသားအဆင့်မှာတည်းက ကိုယ်ဝန်ဖျက်ချလိုက်နိုင်စေ ခဲ့ပါတယ်။
အဲဒီလို လိင်ရွေးချယ်ပြီးမှ ကိုယ်ဝန်ဖျက်ချတာကို အိန္ဒိယမှာ ၁၉၉၄ ခုနှစ်နဲ့ တရုတ် နိုင်ငံမှာ ၁၉၉၅ ခုနှစ်တို့မှာ ဥပဒေနဲ့ တားမြစ်ခဲ့ရပါတယ်။ ဒီလို လိင်ရွေးချယ်ပြီး ကိုယ်ဝန် ဖျက်ချတာဟာ နိုင်ငံအများအပြားမှာ တရား မဝင်တဲ့ ကိစ္စအဖြစ် ပြဋ္ဌာန်းနိုင်ခဲ့ပါပြီ။ နောက် အကျဆုံးကတော့ ၂၀ဝ၉ ခုနှစ်မှ တားမြစ်ခဲ့တဲ့ ဆွီဒင်နိုင်ငံ ဖြစ်ပါတယ်။ ဒီလို ဥပဒေရှိတယ်ဆိုပေမယ့် လိင်ရွေးချယ်ပြီးတော့ ကိုယ်ဝန်ဖျက်ချတယ်လို့ အထောက်အထားမပြနိုင်ဘူးဆိုရင် ဆက်ပြီး လုပ်နေကြဦးမှာပါပဲ။ ခုဆိုရင် အာလ်ထရာဆောင်းရိုက်ခဟာ အိန္ဒိယနဲ့ တရုတ်က မိသားစုတွေ တတ်နိုင်တဲ့ ၁၂ ဒေါ်လာလောက် ပဲ ကုန်ကျတော့တာပါ။ ပန်ဂျပ်က ဆေးရုံတစ်ခုမှာတော့ အာလ်ထရာဆောင်းရိုက်တုန်းက သားလေး၊ ဒါမှမဟုတ် သားအမြွှာလို့ ဆိုပြီးမှ တကယ်မွေးတော့ သမီးမိန်းကလေး ဖြစ်နေပါတယ်။

ချမ်းသာပြီး စာတတ်တဲ့မိဘတွေမှာ . . .

သန္ဓေသားကို ယောကျာ်းလေးလား၊ မိန်းကလေးလား ခွဲခြားနိုင်တဲ့ နည်းပညာကြောင့်ချည်းသက်သက် လိင်ခွဲခြားပြီး ကိုယ်ဝန်ဖျက်ချမှုရှိတာ မဟုတ်ပါဘူး။ အိန္ဒိယက အကြွယ်ဝဆုံးလို့ ဆိုနိုင်တဲ့ မဟာရရှ်တြာ၊ ပန်ဂျပ်နဲ့၊ ဂူဂျာရတ်ပြည်နယ်တွေမှာ လိင်ကွာဟမှု အချိုးအစားက အမြင့်မားဆုံး ဖြစ်နေပါတယ်။ တရုတ်နိုင်ငံမှာဆိုလည်း စာတတ်မြောက်မှုမြင့်မားတဲ့ ပြည်နယ်တွေမှာ လိင်ကွာဟမှုအချိုးအစားက ပိုမြင့်နေပါတယ်။ ဒီလိုဖြစ်ရတဲ့ထဲမှာ ပညာရေးနဲ့ ချမ်းသာကြွယ်ဝမှုတွေ ကလည်းပဲ အကြောင်းရင်း ဖြစ်နေနိုင်ပါတယ်။
ကမ္ဘာ့ဘဏ်က ပညာရှင် မော်နီကာဒက်စ် ဂုပ္ပတားက ပန်ဂျပ်ပြည်နယ်မှာ ကောင်းကောင်း ပညာတတ်တဲ့ မိခင်တွေကမွေးဖွားတဲ့ ဒုတိယ ဒါမှမဟုတ် တတိယသမီးတွေ အသက်ငါးနှစ် မပြည့်ခင်သေဆုံးနှုန်းဟာ သူတို့မောင်တွေ၊ အစ်ကိုတွေရဲ့ သေဆုံးနှုန်းထက်မြင့်နေတယ်လို့ တွေ့ခဲ့ရပါတယ်။ ဆင်းရဲတဲ့အိမ်ထောင်စုတွေမှာ သမီးမိန်းကလေးတွေ သေဆုံးမှုက ဒီလောက် မမြင့်ပါဘူး။ ဂုပ္ပတားကတော့ မိခင်တွေဟာ သူတို့သမီးတွေရဲ့ ပညာရေးကို မြှင့်တင်ပေးဖို့ ငွေမသုံးကြဘူးလို့ ဆိုပါတယ်။ ချမ်းသာပြီး ပညာတတ်တဲ့ မိသားစုတွေရဲ့ ပထမဆုံးကလေးဟာ မိန်းကလေးဖြစ်နေရင် အိမ်နီးချင်းရဲ့ သားယောကျာ်းလေးကို မွေးစားတာမျိုးတွေ ရှိပါတယ်။

ဒါကြောင့်မို့ ခေတ်မီတိုးတက်တာနဲ့ ဝင်ငွေ တိုးတက်လာတာဟာ သားသမီးတွေရဲ့ လိင်ကို ရွေးချယ်ချင်စိတ်ရှိလာပြီး၊ ရွေးချယ်ဖို့ ပိုလွယ်ကူသွားစေတယ်လို့ ယူဆရပါတယ်။ ပြီးတော့ မိသားစုအရွယ်ငယ်ငယ်ပဲ ရှိစေချင်တဲ့ စိတ်ကြောင့် သားသမီးများများ မယူတော့ဘဲ၊ သားကလေး တစ်ယောက်လောက်မွေးဖို့ကိုပဲ အားထုတ်ကြပါတော့တယ်။ တကယ်တမ်းတော့ ယောကျာ်းလေးတစ်ယောက်ကို မွေးရတဲ့စရိတ်နဲ့ မိန်းကလေးတစ်ယောက်ကို မွေးရတဲ့စရိတ်က အတူတူပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဝင်ငွေတွေ မြင့်မားလာပြီးတော့ သားသမီးဖြစ်ထွန်းမှုနှုန်းတွေ ကျဆင်းချိန်တွေမှာ လူတွေဟာ ပိုပြီးချမ်းသာ၊ ပိုပြီး ကျစ်လျစ်သေးငယ်တဲ့ မိသားစုတွေကို ဖန်တီးနိုင်ဖို့ သားယောကျာ်းလေးမွေးဖို့ကိုပဲ ပိုစိတ်သန် လာကြပါတယ်။
တရုတ်နိုင်ငံရဲ့ မြို့တော်ကြီးတွေမှာ တစ်အိမ်ထောင် ကလေးတစ်ဦး မူဝါဒသန့်သန့် နဲ့ ကလေးတစ်ဦးပဲယူကြဖို့ ခွင့်ပြုပါတယ်။ ဒါပေမဲ့ လူဦးရေရဲ့ ၅၅ ရာခိုင်နှုန်းနေထိုင်ကြရာ နယ်စွန်နယ်ဖျားဒေသတွေမှာတော့ တစ်အိမ်ထောင် ကလေးတစ်ဦးမူဝါဒကလည်း အပြောင်းအလဲတွေ ရှိနေပါတယ်။ ဆိပ်ကမ်းနဲ့ စပ်လျက်ရှိတဲ့ ပြည်နယ်တွေမှာ ၄၀ ရာခိုင်နှုန်းရှိတဲ့ အိမ်ထောင်တွေကို ပထမကလေးက သမီးမိန်းကလေးဖြစ်ခဲ့ရင် နောက်ထပ်ကလေးတစ်ဦး ထပ်ယူစေဖို့ ခွင့်ပြုထားပါတယ်။ တရုတ်နိုင်ငံရဲ့ ဗဟိုနဲ့ တောင်ပိုင်း ပြည်နယ်တွေမှာတော့
ပထမကလေးဟာ သမီး မိန်းကလေးဖြစ်နေခဲ့ရင်၊ ဒါမှမဟုတ် မိသားစုမှာ အကျပ်အတည်းဖြစ်နေတယ်လို့ အစိုးရက ထောက်ခံပေးရင် နောက်ထပ် ကလေးတစ်ဦး ယူခွင့် ရှိပါတယ်။ တချို့လူနည်းစု မျိုးနွယ်တွေကိုတော့ ပထမကလေးဟာ ဘာလေးဖြစ်ဖြစ်၊ ဒုတိယကလေး (တစ်ခါတလေ တတိယကလေး) ထိ ယူခွင့်ပြုထားပါတယ်။
အဲဒီပြည်နယ်တွေမှာတော့ လိင်ကွာဟမှု အချိုးအစားဟာ သာမာန်အနေအထားနဲ့ အများကြီး နီးစပ်ပါတယ်။ အဲဒီနေရာတွေမှာ လူနေထူထပ်ခြင်း မရှိသလို၊ မျိုးနွယ်စု တိုင်းရင်းသားတွေ ဖြစ်ကြပြီး၊ ကိုယ်ဝန်ဖျက်ချတာ၊ သားတွေကို သမီးတွေထက် ထူးထူးခြားခြား တန်ဖိုးထား တာမရှိပါဘူး။

ပထမကလေး၊ ဒုတိယကလေး၊ တတိယ ကလေး . . .

တရုတ်နိုင်ငံရဲ့ လူနေအထူထပ်ဆုံး ကွမ်တုံ ပြည်နယ်ကို ကြည့်ရင် အဲဒီမှာ လိင်ကွာဟမှုအချိုးအစားက ၁၂၀ ရှိပါတယ်။ အတော်မြင့်တယ်လို့ ဆိုရမှာပါ။ ကွမ်တုံမှာရှိတဲ့ အိမ်ထောင်စုတွေဆီ က ပထမကလေးတွေရဲ့ လိင်ကွာဟမှု အချိုးအစားကိုကြည့်ရင် ၁၀၈ ရှိတာမို့ ပုံမှန်မဟုတ်ဘူးဆိုပေမယ့် သိပ်များတယ်လို့တော့ မဆိုနိုင်ပါဘူး။ ဒါပေမဲ့ အဲဒီပြည်နယ်မှာ ခွင့်ပြုထားတဲ့ ဒုတိယကလေးတွေရဲ့ လိင်ကွာဟမှု အချိုးအစားကိုကြည့်ရင် ၁၄၆ အထိရှိနေတာ တွေ့ရပါတယ်။ တတိယကလေး မွေးခွင့်ရတဲ့မိသားစု တွေအတွက်တော့ လိင်ကွာဟမှုအချိုးအစားက ၁၆၇ အထိမြင့်တက်သွားပါတယ်။ အန်ဟွေး ခရိုင်မှာတော့ တတိယကလေးတွေထဲက မိန်းကလေး ၁၀ဝ မွေးတိုင်း ယောကျာ်းလေး ၂၂၇ ဦး မွေးဖွားပါတယ်။ ပေကျင်းမှာတော့ ကိုယ့်နားကိုယ်တောင် မယုံချင်လောက်အောင် ဖြစ်သွား ပါလိမ့်မယ်။၂၇၅ ဦးနှုန်းဖြစ်ပါတယ်။ယောကျာ်း လေးသုံးဦးမွေးမှ မိန်းကလေး ၁ဦးမွေးမယ့် နှုန်းမျိုးပါပဲ။
အိန္ဒိယမှာလည်း အလားတူပဲ တွေ့ရှိရပါတယ်။ သမီးဦးတွေကို မိသားစုတွေက သားဦးတွေနဲ့မခြား လက်ခံကြိုဆိုတတ်ကြပေမယ့် ဒုတိယနဲ့ နောက်ပိုင်းကလေးတွေကိုတော့ ယောကျာ်းလေးပဲ ဖြစ်စေချင်ကြပါတယ်။ ဒုတိယနဲ့ နောက်ပိုင်းမွေးတဲ့ကလေးတွေမှာ သမီးကလေးတွေပါရင် သူတို့ဟာ ငယ်ငယ်မှာပဲ ဆုံးသွားတတ်ကြပါတယ်။ ဒုတိယနဲ့ နောက်ပိုင်းအဖြစ် သားလေးတွေ မွေးရင်တော့ ပိုးမွေးသလို ဂရုတစိုက် မွေးတတ်ကြပါတယ်။

သစ်ကိုင်းလွတ်ကြီးများ၏ ပြဿနာ


လူ့သမိုင်းထဲမှာတော့ ပြစ်မှုတွေ၊ အကြမ်းဖက်မှုတွေကို အဓိက ကျူးလွန်တတ်ကြတာဟာ အမျိုးသားတွေပဲ ဖြစ်ကြပါတယ်။ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့လို အိမ်ထောင်ရှိမှု၊ သားသမီး ထွန်းကားမှုတို့နဲ့ လူတစ်ဦးကို အကဲဖြတ်ကြတဲ့ နိုင်ငံတွေမှာတော့ ပြစ်မှုကျူးလွန်သူတွေထဲက အများအပြားဟာ လူပျိုတွေ၊ လူပျိုကြီးတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ဒီတော့ လူပျိုကြီးတွေ (ရှေ့မှာ ဖော်ပြခဲ့သလိုဆိုရင် သစ်ရွက်မရှိတဲ့ ကိုင်းလွတ်ကြီးတွေပေါ့) များပြားလာတာဟာ ပြဿနာတွေ အများကြီးရဲ့ အစလည်းပဲ ဖြစ်နိုင်လာပါတယ်။
တရုတ်နိုင်ငံမှာဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀အတွင်းမှာ ပြစ်မှုဖြစ်ပွားနှုန်း နှစ်ဆ တက်ခဲ့ပါတယ်။ အဲဒီထဲမှာ အလိုမတူဘဲ မိန်းကလေးကို ခိုးယူမှု၊ ဖြားယောင်းသွေးဆောင်မှု၊ အမျိုးသမီးတွေကို ကုန်ကူးမှု၊ မုဒိမ်းမှုနဲ့ ပြည့်တန်ဆာမှုတွေ ပါဝင်တာကို တွေ့ရပါတယ်။ အိမ်ထောင်ဖက်မရှိတဲ့ ယောကျာ်းတွေ များပြားလာတာနဲ့ ပြစ်မှုတွေကြားက ဆက်နွှယ်မှုကို ရှာကြည့်ရာမှာ လိင်ကွာဟမှု အချိုးအစားနဲ့ ၇ ပုံ ၁ ပုံလောက် စပ်ဆိုင်မှုရှိတာကို တွေ့ရပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံ ကျေးလက်ဒေသတွေမှာ အသက် ၁၅ နှစ်နဲ့ ၃၄ နှစ်ကြားရှိတဲ့ အိမ်ထောင်သည် မိခင်တွေဟာလည်း လယ်ယာသုံး ပိုးသတ်ဆေးတွေကို သောက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေတာတွေ ဖြစ်ပေါ်လာတာကို တွေ့ရတဲ့အကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက ဖော်ပြပါတယ်။
ဒါတွေအားလုံးရဲ့ မြစ်ဖျားခံရာကတော့ လိင်ကွာဟမှု အချိုးအစားမြင့်မားလာအောင် လူတွေ ပယောဂစိုက်ထုတ်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ တခြားဘယ်လိုအကျိုးဆက်တွေ ရှိသေးတယ်ဆိုတာကတော့ မခန့်မှန်းနိုင်သေးပါဘူး။ လိင်ကွာဟမှု အချိုးအစားမြင့်မားနေလို့ တရုတ်နိုင်ငံမှာ ငွေစုဆောင်းမှုနှုန်း မြင့်တက်လာတယ်လို့ ထင်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သားတစ်ဦးရှိတဲ့မိဘတွေဟာ သူတို့သားရဲ့ကြင်ယာဖက်ကို တင်တောင်းနိုင်ဖို့ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ငွေစုကြရပါတယ်။ ကိုလံဘီယာတက္ကသိုလ်က ရှန်းကျင်းဝေ

နဲ့ ဝါရှင်တန်ဒီစီက နိုင်ငံတကာ အစားအစာ ပေါ်လစီသုတေသန အင်စတီကျု့က ရှောင်ပိုကျန်းတို့က သမီးမိန်းကလေး မွေးတဲ့ မိသားစုတွေနဲ့၊ သားယောကျာ်းလေး မွေးတဲ့ မိသားစုတွေ ကြားက ငွေစုပုံချင်း မတူညီတာကို လေ့လာနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ တွက်ချက်မှုတွေအရ လွန်ခဲ့တဲ့ ၂၅ နှစ် အတွင်းမှာ တရုတ်နိုင်ငံက ငွေစုဆောင်းမှု နှုန်းထား မြင့်တက်လာခဲ့တဲ့အကြောင်းရင်း ထက်ဝက်ဟာ လိင်ကွာဟမှု အချိုးအစား မြင့်တက်လာတာနဲ့ ဆိုင်လိမ့်မယ်လို့ သုံးသပ်ခဲ့ပါတယ်။ အဲဒီအတိုင်းသာ မှန်နေခဲ့ရင်တော့ အစိုးရက တရုတ်နိုင်ငံရဲ့ ဝယ်ယူစားသုံးမှုနှုန်းထားကို မြှင့်တင်တဲ့ စီးပွားရေးပေါ်လစီ တစ်ခုချဖို့လုပ်တာ သိပ်ထိရောက်လှမှာ မဟုတ်ပါဘူး။

သားနှင့်သမီး ခွဲခြားမှု၏နောင်ရေး

နောက်ထပ် မျိုးဆက်တစ်ခုစာလောက်ဆိုရင် လိင်ကွာဟမှုအချိုးအစား မြင့်မားတဲ့အတွက် ရရှိတဲ့အကျိုးဆက်တွေက ပိုဆိုးလာနိုင်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းက မွေးဖွားခဲ့တဲ့ ယောကျာ်းလေးတွေဟာ မကြာခင်မှာ ကြီးကောင်ဝင်ကြတော့မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ အရေအတွက်ဟာ အတော်ကြီးမားပါတယ်။ အဲဒီအချိန်မှာ ကလေးကို လိင်ခွဲခြားပြီးယူတာ၊ အာလ်ထရာဆောင်းက ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ပျံ့နှံ့ သွားတာ၊ သားသမီးယူနှုန်းတွေ ဆက်ကျဆင်းနေတာတွေ ရှိနေသေးတယ်ဆိုရင် . . . ။
သမီးမိန်းကလေးတွေ အသက်ဆုံးပါးတဲ့နှုန်း အလွန်အကျွံများပြားနေတာ လျှော့သွားဖို့တော့ မရှိသေးပါဘူး။ တောင်ကိုရီးယားနိုင်ငံမှာတော့ သားယောကျာ်းလေးတွေကို ပိုတန်ဖိုးထားတဲ့ ယဉ်ကျေးမှုထုံးစံတွေကို ရပ်တန့်ပြီး လိင်ကွာဟမှု အချိုးအစားမြင့်တက်နေတာကို လျှော့ချနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီလို နည်းလမ်းမျိုးကို တရုတ်နဲ့ အိန္ဒိယတို့မှာပါ ကျင့်သုံးနိုင်မလား စဉ်းစားရမှာ ဖြစ်ပါတယ်။ တောင်ကိုရီးယား အနေနဲ့ ယောကျာ်းလေး မိန်းကလေးဦးရေ ကွာခြားမှုကို လျှော့ချနိုင်ဖို့ စောစောစီးစီး တည်းက ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ၁၉၈၅ ခုနှစ် နဲ့ ၂၀ဝ၃ ခုနှစ်ကြားမှာ သားယောကျာ်းလေးပဲလိုချင်တယ်လို့ ပြောတဲ့ မိခင်အရေအတွက်ဟာ သုံးပုံနှစ်ပုံလောက် (၄၈% ကနေ ၁၇% ကို) လျှော့ကျသွားခဲ့ပါတယ်။ အဲဒီနောက် ဆယ်စုနှစ်တစ်ခုလောက် ကြာတဲ့အခါ လိင်ကွာဟမှု အချိုးအစားဟာ ကျသထက် ကျလာပြီး၊ ၁၉၉၀ ပြည့်လွန်နှစ်တွေ အလယ်ပိုင်းမှာ ၁၁၀ ရှိခဲ့ရာကနေ ခု ၁၀ဝ ကို လျှော့ကျသွားပါတယ်။
သမီးထက် သားကို ပိုလိုချင်နှစ်သက်တဲ့ လူမှုရေးတန်ဖိုးထားမှုကို ပြောင်းလဲပစ်ဖို့ဆိုတာ အတော်အချိန်ယူရပါတယ်။ အဲဒီလို အချိန်ယူတဲ့ ကြားမှာပဲ အာလ်ထရာဆောင်းဓာတ်မှန်လို လိင်ခွဲခြားပြီး ကိုယ်ဝန်ဖျက်ချတဲ့ အနှောင့်အယှက်၊ လေးဖင့်မှုမျိုးက ဝင်လာတတ်သေးတာပါ။ ခေတ်မီတိုးတက်မှုဆိုတာဟာ လူတွေကို သူတို့ရဲ့သားသမီးဦးရေကို ကန့်သတ်ထိန်းချုပ်နိုင်မှုသာမက၊ သားသမီးတွေပေါ်မှာ တန်ဖိုးထားမှုတွေကိုပါ ပြောင်းလဲသွားအောင် တွန်းအားပေးနိုင်ပါတယ်။
အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေမှာ ဆင်းရဲမွဲတေမှုက တောင်ကိုရီးယားထက် ပိုများပါတယ်။ အစိုးရတွေကလည်း ဖြစ်လာနိုင်တဲ့ပြဿနာတွေကို ကြိုတင်ကာကွယ်ရအောင်လို့ မိန်းကလေး တွေ တန်းတူအခွင့်အရေး၊ တန်ဖိုးထားမှုတွေ ရနိုင်စေမယ့်နည်းတွေကို ကျင့်သုံးဖော်ဆောင် နေကြပါတယ်။ ဘာပဲဖြစ်ဖြစ် အောင်မြင်ခဲ့ရင်တော့ အာရှမှာ ပျောက်ကွယ်သွားရတဲ့ မိန်းကလေးတွေကို ပြန်ပြီး ဖော်ထုတ်ရှာဖွေနိုင်တော့မှာ ဖြစ်ပါတယ်။ သမီးမိန်းကလေးငယ်တွေ နတ်မဖွက်ဘဲ ပျောက်ခြင်းက ကင်းဝေးကြပါစေ။
စောထူးပွယ်
Ref: The Worldwide war on baby girls from the Economist, Mar 6th 2010