Monday, April 07, 2025

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး အိန္ဒိယ ၀န်ကြီးကို မြန်မာ့အရေး တွန်းအားပေး

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး(၀ဲ) နှင့် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးနေစဉ်။

ဗွီအိုအေ (မြန်မာဌာန) ကြာသပတေး, 29 ဇူလိုင် 2010

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း (David Cameron) နဲ့ အိန္ဒိယနိုင်ငံ ချစ်ကြည်ရေးခရီးမှာ လိုက်ပါသွားခဲ့တဲ့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ၀ီလီယမ် ဟေ့ဂ် (William Hague) ဟာ အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီးနဲ့ သီးခြား တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး ကိစ္စကိုလည်း ထည့်သွင်း ဆွေးနွေးသွားခဲ့တယ်လို့ ၀ါရှင်တန်မြို့မှာရှိတဲ့ ဗြိတိန်သံရုံး သံအရာရှိက ဗွီအိုအေကို အတည်ပြု ပြောဆိုခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံကနေ အကြမ်းဖက်လုပ်ငန်းတွေကို တင်ပို့နေတယ်လို့ စွပ်စွဲပြောဆိုခဲ့တဲ့ သူ့ရဲ့ မှတ်ချက်စကားကို အိန္ဒိခရီးစဉ်အတွင်း ဗြိတိသျှ ၀န်ကြီးချုပ်က ပြန်လည် ဖြေရှင်းခဲ့ရပါတယ်။ အခုကိစ္စတွေနဲ့ ပတ်သက်လို့ သူ အရိုးရှင်းဆုံး ပြောဆိုခဲ့တာလို့ ယုံကြည်တဲ့အကြောင်း ကြာသပတေးနေ့က နယူးဒေလီမြို့မှာ မစ္စတာ ကမ်မရွန်းက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။