ထိုင်းနိုင်ငံရေး မတည်ငြိမ်မှုကြောင့် ရပ်နားထားခဲ့ရသည့် မြ၀တီနယ်စပ် ကုန်သွယ်ရေး ပုံမှန်အတိုင်းပြန်လည်ပတ်





ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း ထိုင်းနိုင်ငံရေး အခြေအနေများ မတည်ငြိမ်မှုကြောင့် ရပ်နားထားခဲ့ရသည့် မြ၀တီနယ်စပ်ကုန် သွယ်ရေးမှာ မေလ ၂၈ ရက်နေ့တွင် ကုန်သွယ်မှုလုပ်ငန်းများ ပြန်လည် စတင်နေပြီဖြစ်ကြောင်း သိရှိရသည်။
 မဲဆောက်မြ၀တီအဓိက ကုန်စည်စီးဆင်းရာ ချစ်ကြည်ရေးတံတား

    ''မြ၀တီနယ်စပ် ကုန်သွယ်ရေး က ပြီးခဲ့တဲ့အပတ်က အားလုံးလိုလို ရပ်ဆိုင်းသွားတယ်။ မဲဆောက်က ဘဏ်တွေ ပိတ်တယ်။ သူတို့နိုင်ငံတွင်းမှာ တစ်နေရာကနေ တစ်နေရာ ပို့ဖို့ခဲယဉ်းတဲ့ အခြေအနေတွေကြောင့် ခေတ္တခဏရပ်သွားတာပါ။ အခုတော့ ပြန်စနေပါပြီ''ဟု မြ၀တီမှနယ်စပ် ကုန်သည်တစ်ဦး၏ ပြောကြားချက် အရ သိရှိရသည်။

    အလားတူပင် ထိုင်းနိုင်ငံတွင် မငြိမ်မသက်ဖြစ်နေသည့် ကာလအတွင်း ကျဆင်းခဲ့သော ဘတ်ဈေးမှာ လည်း ပုံမှန်အတိုင်း ပြန်တက်လာကြောင်း သိရသည်။

    ''အခုလောလောဆယ် ကုန်တွေ အရောင်းအ၀ယ်စနေပါပြီ။ မဲဆောက် က ဘဏ်တချို့လည်း ပြန်ဖွင့်နေပါပြီ။ အခုတော့ ရေထွက်ပစ္စည်း၊ လယ်ယာ ထွက်ကုန်ပစ္စည်း၊ သစ်တောထွက် ပစ္စည်းတွေလည်း
ပြန်စနေပါပြီ။ အခုတစ်ပတ်မှာတော့ ပဲကြီးတွေ၊ ပြောင်းဖူးစေ့တွေနဲ့ ငါး ရှဥ့်တင်ပို့မှုများ နေပါတယ်''ဟု နယ် စပ်ကုန်သည်တစ်ဦးက ပြောပြခဲ့ သည်။

    အလားတူပင် ထိုင်းနိုင်ငံ၏ မငြိမ်မသက် ဖြစ်မှုများကြောင့် မေလအတွင်းသကြားတန်ချိန် တစ်သိန်းကျော်တင်ပို့မှု နှောင့်နှေးခဲ့ရသည့် အတွက်ထိုင်းဖောက်သည်ကုန်သည် များအကြား သကြားပြတ်လပ်နေ ကြောင်း သိရှိရသည်။

    ''ကုန်စည်စီးဆင်းမှုတွေ ပုံမှန်အတိုင်း ပြန်ဖြစ်နေပါပြီ။ ပြီးခဲ့တဲ့ အပတ်ကတော့ ဘန်ကောက်ကလာ တဲ့ပစ္စည်းတွေ အ၀င်နည်းပေမယ့် တခြားဒေသကပစ္စည်းတွေ မပြတ် အ၀င်ရှိပါတယ်''ဟု နယ်စပ်ဒေသမှ ကုန်သည်တစ်ဦးက ပြောပြခဲ့ပါ သည်။

    မြန်မာနိုင်ငံအနေဖြင့်မူ ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်း၊ စိုက်ပျိုးရေး ထုတ်ကုန်ပစ္စည်း၊ သစ်တောထွက် ပစ္စည်း၊ သဘာဝဓာတ်ငွေ့၊ ကျွန်း သစ်၊ ကျောက်စိမ်း၊ ကြေးနီ၊ သစ်မာများ အများဆုံး တင်ပို့နေရကြောင်း သိရှိရသည်။

0 comments:

Post a Comment