နအဖ ရွေးကောက်ပွဲကို ၀ိုင်းရံကြစေချင် သည့်မျိုးဆက်သွေး

မျိုးဆက်သွေးဆိုတဲ့ လူက ရွေးကောက်ပွဲကော်မရှင်မှာ (NLD) မှတ်ပုံမတင်တာကို ထောက်ခံတယ်။ ရွေးကောက်ပွဲဝင်မဲ့ ဦးကြည်ဝင်း၊ ဦးလှစိုး ဒေါက်တာ တူးဂျာတို့ကတော့ သူသဘောနဲ့သူ ရပ်တည်မဲ့ သူတွေလို့ဆိုတယ်။ အေးလွင်၊ ထွန်းအောင်ကျော်တို့ကို နအဖနောက်ဆွဲလို့ပြောတယ်။ နအဖက စရံငွေတင်ခိုင်းတာကို တော့ ဆန့်ကျင်သယောင်ပြောတယ်။ ဒါပေမဲ့ ၂၀၀၈ ဥပဒေနဲ့ ရွေးကောက်ပွဲဥပဒေတွေကိုတော့ ဘာမှ မပြောဘူး။ ရွေးကောက်ပွဲဆန့်ကျင်ရေး လူထု လှုပ်ရှားမှုကို ဆန့်ကျင်ပြီးတော့ ရွေးကောက်ပွဲဝင်ရေး လူထု လှုပ်ရှားမှုလုပ်ရမယ် ဆိုတယ်။ ဒါပေမဲ့ လူထုမပြောနဲ့ နိုင်ငံရေးပါတီတွေတောင် ဘာမှ ပြောပိုင်ခွင့်လုပ်ပိုင်ခွင့်မရှိတဲ့ အခြေအနေမှာ လူထုက ကိုယ့်နယ်မြေမှာ လွတ်လွတ်လပ်လပ် စီစဉ်နိုင်သယောင်ပြောနေတယ်။ အောက်ပါ ဆောင်းပါးကို ဖတ်ကြည့်ကြပါ။



လူထုပဲ အားကိုးဖို့ ရှိတော့တယ်

from Padauk Myay

မျိုးဆက်သွေး
ရွေးကောက်ပွဲ နီးလာလေ ဒီမိုကရေစီအရေး လုပ်နေသူတွေ အတွက် ဆုတ်လည်းစူး စားလည်းရူး ဖြစ်လာပြီ။ ဒီချုပ်က ရွေးကောက်ပွဲ မ၀င်ဖို့၊ ပြန်ပြီး မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါဟာ ပါတီကို ဖျက်ရာ ရောက်ပေမယ့်
အရင်ပို့စ်မှာ ဆွေးနွေးဖူးသလို နအဖ လုပ်ပေါက်က ဒီချုပ်အနေနဲ့ ကိုယ့်တံထွေးကိုယ် ပြန်မျိုရမယ့်ကိန်း ဖြစ်နေတော့ ဒီလမ်းက လွဲပြီး ဘာမှ လုပ်စရာ မရှိဘူးဆိုတာ လက်ခံရမှာပဲ။ နောက်ပြီး ဒါဟာ ဒီချုပ်ကို နိုင်ငံရေး ဇာတ်ခုံပေါ်ကနေ သူ့ဘာသာသူ ဆင်းသွားအောင် အကွက်ကျကျ နှစ်ရှည်လများ လုပ်လာတဲ့ နအဖ မဟာဗျူဟာရဲ့ အောင်ပွဲလို့လည်း ပြောလို့ရပါတယ်။
ရွေးကောက်ပွဲမှာ ဒီချုပ်မပါနိုင်ပေမယ့် တစ်ခြားပါတီတွေ ၀င်ပြိုင်လိမ့်မယ်၊ ဒီချုပ်ထဲက ရွေးကောက်ပွဲကို ဖြတ်သန်းမှ ရမယ်လို့ ခံယူသူတွေလည်း ၀င်ပြိုင်မယ်၊ ပါတီဝင်တွေထဲက တစ်သီးပုဂ္ဂလ အနေနဲ့ ၀င်ပြိုင်သူတွေလည်း ရှိနိုင်တယ်လို့ မျှော်လင့်ထား ပြီးသားပါ။ တတိယအုပ်စုလို့ ပြောတဲ့သူတွေကို စစ်အုပ်စု နောက်လိုက်တွေလို့ ပြောသူတွေလည်းရှိတယ်။ မိမိ သဘောပြောရရင် ဒီချုပ်အနေနဲ့ မူအရ ဘယ်လိုမှ နအဖ ရွေးကောက်ပွဲ ဥပဒေကို လက်ခံလို့ မရဘူးဆိုတာ ယုံကြည် သည့်တိုင် ရွေးကောက်ပွဲ ၀င်တဲ့သူ အားလုံးကိုတော့ နအဖ တံဆိပ်တပ်တာ လက်မခံနိုင်ပါဘူး။
အေးလွင်၊ ထွန်းအောင်ကျော် အုပ်စုတွေက နအဖနောက်ဆွဲ၊ ပါမစ်နိုင်ငံရေး သမားတွေ ဖြစ်ပေမယ့် ဦးကြည်ဝင်း၊ ဦးလှစိုးတို့လို အဖွဲ့ချုပ်ဝင် ဟောင်းတွေ၊ ဒေါက်တာ တူးဂျာတို့လို တိုင်းရင်းသား ခေါင်းဆောင်တွေဟာ လွှတ်တော်ထဲ ရောက်ရင် ကိုယ့်သဘောနဲ့ ကိုယ် ရပ်တည် သွားမယ့်လူတွေလို့ မြင်တယ်။ ဒါ့ကြောင့် ဒီလိုလူတွေ လွှတ်တော်ထဲ ရောက်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ ပြောရရင် တစညတောင်မှ သီးခြားမူနဲ့ ရပ်တည် သွားမယ်လို့ ထင်တယ်။ အခုတောင် ကိုဖြိုးမင်းသိန်းတို့ ပါတီဖွဲ့ခွင့် ရတဲ့အတွက် ၀န်ကြီးချုပ်တို့ ပါတီထောင်တဲ့ ကိစ္စကို ကော်မရှင်ကို စာပို့ပြီး တရားဝင်ပြောလို့ ဆိုလို့ရနေတော့ သူတို့သာ လွှတ်တော်ထဲ ရောက်ရင် ကောင်းရာ ကောင်းကျိုးတွေ လုပ်နိုင်မှာပါ။
ဒါပေမယ့် အခုအချိန်မှာ ဒီလူတွေတောင်မှ လွှတ်တော်ထဲ ရောက်နိုင်ပါ့မလားလို့ သံသယ ဖြစ်လာမိတယ်။ နအဖဟာ သူလုပ်နေကြ အတိုင်း အဘက်ဘက်က ရစ်ပြီး ကျပ်နေတာကြောင့် လွှတ်တော်ထဲမှာ ကြံ့ခိုင်ရေး ပါတီက လူတွေနဲ့ပဲ ပြည့်နေမယ့် အခြေစိုက်နေပြီ။ နအဖ ရစ်လိုက်တဲ့ မူလီတွေက ပထမဆုံး ကိုယ်စားလှယ်လောင်း တစ်ယောက်ကို ငါးသိန်း ငွေတင် ရမယ်လို့ သတ်မှတ်တယ်။ ဒါ့ကြောင့် ပါတီတစ်ခုဟာ ဗဟိုအဆင့်နဲ့ ပြည်နယ်အဆင့် လွှတ်တော် အားလုံးပြိုင်ရင် သိန်းငါးထောင်ကျော် စရံငွေတင်ရမယ်။ ဒါဟာမဲဆွယ်ဖို့ စားဖို့ သွားဖို့ စာစောင်ထုတ်ဖို့ စရိတ်မပါသေးဘူး။ ဒီလို အားလုံး ပြိုင်နိုင်တဲ့ ပါတီဟာ ကြံ့ခိုင်ရေးပါတီ တစ်ခုဘဲ ရှိတယ်ဆိုတော့ တစ်ချို့နေရာတွေမှာ ပြိုင်သူမရှိ၊ တစ်ကောင်တည်း ပြေးတဲ့ မြင်းဖြစ်မှာ သေချာတယ်။ ဒါပေမယ့် နအဖက ဒီလောက်နဲ့ မရပ်ဘူး။ မဲဆန္ဒနယ် တစ်ခုမှ တစ်ယောက်ဘဲ ပြိုင်ရင် မဲထည့်ဖို့ မလိုဘဲ အနိုင်ပေးမယ်လို့ ဥပဒေ ထုတ်တယ်။ ဒီတော့ မဲမပေးဘဲ သပိတ်မှောက် လို့ကလည်း မရပြန်ဘူး။ နောက်တစ်ခါ ကြံ့ခိုင်ရေး ပါတီ ထွက်လာတော့လည်း ၀န်ကြီးချုပ်နဲ့ ၀န်ကြီးများက အစိုးရလည်းလုပ်၊ ပါတီလည်း ထောင်၊ ရွေးကောက်ပွဲလည်း ၀င်မယ်လို့ လုပ်လိုက်ပြန်တယ်။ ၀န်ကြီးတွေ စစ်သား မဟုတ်တော့လို့ နိုင်ငံ့ဝန်ထမ်း မဟုတ်တော့ဘူးလို့ ကပ်ပြောလို့ ရပေမယ့် ပွဲကကြည့်လို့ မကောင်းတော့ဘူး။ နအဖ နောက်ဆုံး ရစ်လိုက်တဲ့ မူလီကတော့ ကမ့်ဘဲလ် ခရီးစဉ်မှာ ကော်မရှင် ဥက္ကဌက အမေရိကန် ၀န်ကြီးကို ရွေးကောက်ပွဲမှာ နိုင်ငံတကာ အကဲခတ် အဖွဲ့တွေ မလိုဘူးလို့ ပြောလိုက်တာပဲ။ အမေရိကန် ခင်ဗျာ စစ်အစိုးရက ယတိပြတ် ငြင်းမှာစိုးရိမ်လို့ အာဆီယံက အကဲဖြတ်တွေပါလို့ ပြောတာတောင် ဒီလို အပြတ်ငြင်း လိုက်တာပါ။ အကြောင်း ပြချက်ကတော့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အတွေ့အကြုံ အများကြီး ရှိတယ်ဆိုပဲ။ ကျွန်တော်ဖြင့် ဒီအရွယ်ထိ ၉၀ ရွေးကောက်ပွဲ တစ်ခါဘဲ ကြုံဖူးတော့ သူတို့ပြောတာနဲ့ ငါဘယ်များ သွားအိပ်ပျော် နေမိပါလိမ့်လို့ ပြန်စဉ်းစားနေရတယ်။
အခုလို ရစ်ထားတဲ့ မူလီလေးငါးလုံးနဲ့တော့ လွှတ်တော်ထဲမှာ နအဖနဲ့ မပတ်သက် လွတ်လပ်တဲ့ ပါတီတွေ ရောက်ဖို့ အတော် မလွယ်တော့ဘူး။ တစညတောင် အသေအလဲ ရုန်းရမယ့် သဘော ဖြစ်နေပြီ။ ဒီအခြေအနေကို ကုစားဖို့ လူထုကိုပဲ အားကိုး ရမှာဖြစ်တယ်။ ဒီလိုပြောလို့ မိုးသီးတို့ မြှောက်ပေးသလို လူထုတိုက်ပွဲ (သူတို့မပါ) လုပ်ဖို့၊ သပိတ်မှောက်ဖို့ ပြောတာ မဟုတ်၊ ရွေးကောက်ပွဲမှာ လွတ်လပ်တဲ့ ပါတီတွေ အတော်များများ နေရာရနိုင်ဖို့ အတွက်ကူဖို့ ဖြစ်တယ်။ ဘယ်လိုကူမလဲ။ ပထမ တစ်သီးပုဂ္ဂလတွေ များများ ပေါ်လာအောင် ကိုယ့်ဒေသ အလိုက် ကူညီပေးရမယ်။ ဒုတိယ ကြံ့ခိုင်ရေးပါတီရဲ့ ရွေးကောက်ပွဲ ဥပဒေနဲ့ မညီတဲ့ကိစ္စတွေကို စုဆောင်း တိုင်ကြားရမယ်။ တတိယ မဲရေတွက်တဲ့ အချိန်မှာ အားလုံး စောင့်ကြည့် ပေးရမယ်။ ဒီသုံးနည်းနဲ့ဘဲ လွတ်လပ်တဲ့ အုပ်စုတွေ လွှတ်တော်ထဲမှာ ပါနိုင်ဖို့တတ်နိုင်မှာ ဖြစ်တယ်။
မျိုးဆက်သွေး

0 comments:

Post a Comment