တစည ဦးဟန်ရွှေက သူတို့ပါတီဟာငွေမတတ်နိုင်ပေမဲ့ ကြံခိုင်ရေး ရဲ့ ပြိုင်ဘက်ဖြစ်လာမယ်လို့ပြော

ဦးဟန်ရွှေနှင့် တွေ့ဆုံခြင်း 
မေး။ ။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ ၂ဝ၁ဝ ရွေးကောက်ပွဲ အတွက် ဘာတွေ ပြင်ဆင်နေပြီလဲ။
ဖြေ။ ။ လောလောဆယ်ကတော့ မှတ်ပုံတင်နံပါတ် ကျပြီ။ မှတ်ပုံတင်နံပါတ်က နံပါတ်(၂)။ ကျပြီဆိုတော့ ပါတီက စည်းရုံးလို့ရပြီ။ စည်းရုံးလို့ရနေပြီ ဖြစ်တဲ့ အတွက် စည်းရုံးလှုပ်ရှားမှု ကျွန်တော်တို့လုပ်နေပြီ။ ပါတီဝင် စုစည်းမှုတွေ၊ လှုပ်ရှားမှုတွေ ဥပဒေအရ လုပ်ခွင့်ရှိနေပြီဖြစ်တဲ့အတွက် ပါတီက လုပ်ဆောင် နေပါပြီ။
မေး။ ။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ ၂ဝ၁ဝ ဧပြီလအထိ ပါတီဝင်အင်အား ဘယ်လောက်ရှိနေပြီလဲ။
ဖြေ။ ။ လောလောဆယ်တော့ (၅)သိန်းကျော်လောက် ရှိနေပါပြီ။ ပါတီမှတ်ပုံတင် ခွင့်ပြုတဲ့အတွက် ပါတီဝင်လျှောက်လွှာတွေ ပေးခွင့်ရှိပြီ။ စည်းရုံးလို့ ရနေပြီ။ ပါတီဝင်ကတ်ပြားတွေ ပေးလို့ရနေပြီ။ ဥပဒေအရ ခွင့်ပြုချက်ရှိနေပြီ။ ဧပြီ(၂၉)ရက်နေ့က မှတ်ပုံတင်ခွင့်ပြုလိုက်တဲ့အတွက် တိုးလာတဲ့ စာရင်း ကိုတော့ ပြောလို့မရသေးဘူး။ မူလရှိတဲ့ ပါတီဝင် အင်အားထက်တော့ အများကြီး တိုးလာပါတယ်။ လောလောဆယ်တော့ စာရင်းလုပ်လို့မရတဲ့အတွက် အတိအကျပြောလို့ မရသေးပါဘူး။
မေး။ ။တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှု ဘယ်လောက်ရမယ် ထင်လဲ။
ဖြေ။ ။ ကျွန်တော်တို့ အများကြီး မျှော်မှန်းထားပါတယ်။
၁၉၉ဝ ရွေးကောက်ပွဲတုန်းက ပြည်သူလူထုရဲ့ ထောက်ခံမှု ခိုင်လုံတဲ့ဆန္ဒမဲ ၂၅ ရာခိုင်နှုန်း လောက်ပဲရခဲ့တယ်။ မဲအနေနဲ့ ပြောရရင် (၃)သန်း ကျော်ရခဲ့တယ်။ ၃.၃ ရာခိုင်နှုန်းလောက် ရှိမယ် ထင်တယ်။ အဲဒီအချိန်တုန်းက ကျွန်တော်တို့ပါတီရဲ့ အခြေအနေက တော်တော်လေးဆိုးတဲ့ အချိန်ပေါ့။ ၁၉၈၈ အရေးအခင်းဖြစ်တယ်။ ၁၉၈၉ တစ်နှစ်ခြား ပြီးတော့ ၁၉၉ဝ ရွေးကောက် ပွဲဝင်ရတဲ့ အချိန် ဆိုတော့ အဲဒီအချိန်တုန်းကတော့ ကျွန်တော်တို့ ပါတီက တော်တော်လေးအခြေအနေဆိုးတဲ့အချိန်ပဲ။ ဒီအခြေအနေမှာ ကျွန်တော်တို့ ထောက်ခံမဲရခဲ့တာ ဟာ ဘာပဲပြောပြော ကျွန်တော်တို့ကို ထောက်ခံတဲ့ သူ ရှိနေတယ်ဆိုတာ ကျွန်တော်တို့တွေ့ရတယ်။ ဒါကြောင့်မို့လို့ လာမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲမှာ လည်း ဒီ့ထက်အများကြီး အခြေအနေပေးလာလိမ့် မယ်လို့ မျှော်မှန်းထားတယ်။
မေး။ ။၁၉၉ဝရွေးကောက်ပွဲတုန်းက အန်ကယ် တို့ပါတီက ရှုံးနိမ့်ခဲ့တယ်။ ၂ဝ၁ဝ ရွေးကောက် ပွဲမှာကော ပြည်သူလူထုရဲ့ ထောက်ခံမှု ရနိုင်ပါ့ မလား။
ဖြေ။ ။ အခြေအနေချင်းက ဟိုတုန်းက အခြေအနေနဲ့ ဒီနေ့ခေတ်အခြေအနေက မတူတော့ပါဘူး။ အခုဟာက အခြေအနေတွေ အများကြီး ပြောင်း လာပါတယ်။ ကျွန်တော်တို့ လုပ်ငန်းရပ်တွေမှာလည်း ဟိုတုန်းက အတွေ့အကြုံတွေကိုယူပြီးတော့ ခါးသီး တဲ့ အတွေ့အကြုံသင်ခန်းစာတွေကို ယူပြီးတော့ အဲဒီတုန်းကလိုမဖြစ်အောင် ဆောင်ရွက်ခဲ့တာ ဖြစ်တဲ့ အတွက် ၁၉၉ဝ တုန်းက အခြေအနေတွေထက် အများကြီး ကောင်းလာ လိမ့်မယ်လို့ ယူဆပါတယ်။
မေး။ ။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ အမွေကို ဘာကြောင့်ဆက်ပြီး ခံယူတာလဲ။
ဖြေ။ ။မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကနေ ပြီးတော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကို ကျွန်တော်တို့ ဖွဲ့တာကိုး။ အမွေမခံလို့ ဘယ်ဖြစ် မလဲဗျ။ လမ်းစဉ်ပါတီရှိနေတယ်။ ပါတီတွေ ထောင် မယ်ဆိုတဲ့အခါကျတော့ လမ်းစဉ်ပါတီရဲ့ အမွေကို ကျွန်တော်တို့ခံရမှာပဲ။ ဒီကနေ ကျွန်တော်တို့က ဖောက်ထွက်လို့မရဘူး။ သားသမီးက မိဘရဲ့အမွေကို ခံရသလိုပဲ။ ကောင်းမွေပဲဖြစ်ဖြစ်၊ ဆိုးမွေပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ ဒီပါတီရဲ့ လက်ရှိ ပကတိဖြစ်နေတဲ့ အခြေအနေနဲ့ ကိုက်ညီအောင်၊ ပြည်တွင်းပြည်ပမှာ ဖြစ်နေတဲ့အခြေအနေနဲ့ ကိုက်ညီအောင် ကျွန်တော်တို့က ပြန်ဖွဲ့ရမယ့် အခြေအနေ ဆိုတော့ကာ နိုင်ငံရေး အရ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ တချို့အချက်တွေကို အမွေခံရတယ်ဆိုတာရှိတယ်။ အိုင်ဒီရော် လော်ဂျီ နဲ့ ပတ်သက်တာဆိုရင် အဲဒီထဲက (၉)ချက်ကို ကျွန်တော်တို့ အမွေခံထားတယ်။ အကုန်လုံးတော့ မဟုတ်ဘူး။ စီးပွားရေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဆိုရှယ်လစ် စီးပွားရေးစနစ်နဲ့ ပတ်သက်တာကို ကျွန်တော်တို့ မကျင့်သုံးတော့ဘူး။ စသဖြင့် ကျွန်တော် တို့က တစ်ခုချင်း တစ်ခုချင်း စိစစ်ပြီးတော့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီကို ထူထောင်ထား တာပါ။ သားသမီးက မိဘရဲ့အမွေကို မခံလို့ မရ သလို၊ ကောင်းမွေ ဆိုးမွေ၊ မိမွေဘမွေကို အမွေခံရတယ်။ ကျွန်တော်တို့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီက တစ်ဆင့်ပေါက်ပွားတဲ့ ပါတီပါ။ ဒါက လိမ်နေ စရာလည်း မလိုဘူး။ လှည့်ပတ်နေစရာလည်း မလို ဘူး။ ကျွန်တော်တို့က မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီရဲ့ ခေတ်နဲ့မကိုက်ညီတဲ့ အချက်အလက်တွေကို မယူတော့ဘဲနဲ့ ခေတ်နဲ့ကိုက်ညီတဲ့ အချက်အလက် တွေကို ယူတယ်။ ကျွန်တော်တို့ လမ်းစဉ်ပါတီခေတ် က လုပ်ခဲ့တဲ့တချို့အချက်တွေကို အများကြီး ပြောင်း ထားတာတွေကို တွေ့ရမှာပါ။ ဥပမာ လယ်သမားနဲ့ ပတ်သက်လို့ မြေယာပေါ်လစီကို ပြောင်းထားတယ်။ ဟိုတုန်းက မြေယာပေါ်လစီလို မဟုတ်တော့ဘူး။ ပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ ဟိုတုန်းက နိုင်ငံပိုင်၊ သမဝါယမပိုင်၊ ပုဂ္ဂလိကပိုင်၊ ဖက်စပ်ပိုင် စတဲ့ ဟာ တွေကို ကျွန်တော်တို့ အများကြီး ပြောင်းသွားတာ တွေ ၇ှိတယ်။ အထူးသဖြင့် ပုဂ္ဂလိကပိုင်ဆိုင်မှုကို အများကြီးလမ်းဖွင့်ပေးထားတယ်။ ဟိုတုန်းက ပုဂ္ဂလိ ကပိုင်ဆိုင်မှုက အခွင့်အလမ်း မရှိသလောက်ဘဲ။ ကျွန်တော်တို့ပါတီက ကျွန်တော်တို့ ပါတီရဲ့ မူဝါဒ သဘောတရားတွေကို လေ့လာပါ။ သဘောကျရင် သဘောကျပိုင်ခွင့်ရှိသလို၊ သဘောမကျရင်လည်း ဝေဖန်ပိုင်ခွင့်ရှိပါတယ်။
မေး။ ။ ဒီနေရာမှာ ဆရာဦးဟန်ရွှေကို ကြားဖြတ်ပြီး မေးခွန်းတစ်ခုလောက် မေးချင်ပါတယ်။ ဆရာတို့ရဲ့ မိခင်ပါတီဖြစ်တဲ့ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီဟာ ကျန်ခဲ့တဲ့ ၁၉၈၈ မတိုင်ခင်မှာ (၂၆)နှစ်လုံးလုံး တိုင်းပြည်ကို စိတ်ကြိုက် ဦးဆောင်ခွင့် ရခဲ့ပေမယ့် တိုင်းပြည် တိုးတက်ရာ တိုးတက်ကြောင်း၊ ပြည်သူလူထုရဲ့ အကျိုးကို ဘာမှလုပ်မပေးနိုင်ခဲ့ဘူး။ ဒါ့ ကြောင့်မို့ ၁၉၈၈ မှာ ပြည်သူလူထု အုံကြွမှု ဖြစ်ခဲ့တယ်။ အဲဒီတုန်းက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီမှာ ပါဝင်ခဲ့တဲ့သူတွေက အခု တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီကို ဦးဆောင်မယ်ဆိုတော့ မြန်မာပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှု ဘယ်လောက်ရနိုင်မလဲ။ (၂၆) နှစ်လုံးလုံးတောင် တိုင်းပြည်ကို တိုးတက် အောင် မလုပ်ခဲ့တော့ ဒီနေ့ခေတ်မှာ ခေတ်တွေကလည်း ပြောင်သွားပြီ။ လူတွေရဲ့ အတွေးအခေါ်တွေ ကလည်း ပြောင်းသွားပြီ။ အန်ကယ်တို့က ဘယ်ပုံဘယ်နည်းနဲ့ ပြောင်းပြီး လုပ်ကြမှာလည်း။ အဲဒီဟာလေး ပြောပြပေးပါဦး။
ဖြေ။ ။ ဒီဇိုင်းက တူမှ မတူတော့ဘဲကိုး။ အကောင်အထည်ဖော်တဲ့ဒီဇိုင်းကမတူတော့ဘူးလေ။ ဘောလုံးပွဲဥပမာနဲ့ ပြောမယ်ဆိုရင် ဘောလုံးပွဲက ပုံသေကစားကွက် တစ်ခုတည်းနဲ့ ကစားလို့ ရတာမှ မဟုတ်ဘဲလေ။ အခြေအနေ အချိန်အခါကိုကြည့်ပြီး ကစားကွက်ကပြောင်းဖို့လိုတယ်လေ။ ထိုက်သင့်တဲ့မူ ပြောင်းဖို့ လိုတယ်လေ။ နည်းစနစ်ပြောင်းမယ်။ ကစားကွက်ပြောင်းမယ်။ ဗျူဟာပြောင်းမယ် ဆို ရင်တော့ အောင်မြင်မှုက ရနိုင်မှာပါ။
မေး။ ။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ အခု ရပ်တည်နေတာက ဘယ်ကငွေကြေးတွေနဲ့ ရပ်တည်နေတာလဲ။
ဖြေ။ ။ အဲဒီဟာနဲ့ပတ်သက်လို့ ကျွန်တော် ပြော ချင်တာက တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ပါတီမှာ (၁)ပါတီဝင်တွေရဲ့ နှစ်စဉ်ကြေးရှိတယ်။ နောက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဖွဲ့တဲ့အခါကျတော့ ကျွန်တော်တို့က ပါတီ ငွေရေး ကြေးရေး၊ ပါတီပစ္စည်း စတာတွေကို အမွေခံပိုင် ခွင့်နဲ့ ပတ်သက်လို့ ဥပဒေကြောင်းအရ ကင်းရှင်း သလား ဆိုတာကို ရှေ့နေချုပ်ရုံးအထိ တင်ပြီးတော့ ကျွန်တော်တို့ အဆုံးအဖြတ်ရယူခဲ့တယ်။ ဟိုတုန်းက လမ်းစဉ်ပါတီရဲ့ ယူသင့်ယူထိုက်တာကို ယူခဲ့တယ်။ နောက်ဆုံး ဥပဒေကြောင်းအရ အမွေဆက်ခံပိုင်ခွင့် နဲ့ ပတ်သက်လို့ ဒါတွေဒါတွေဟာ ရှင်းလင်းတယ် ဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ ဆက်ခံခဲ့တာပါ။
မေး။ ။ အမွေဆက်ခံခဲ့တယ် ဆိုတာဟာ အဆောက်အဦတို့၊ ကားတို့ အဲဒါတွေကို ပြောတာလား။
ဖြေ။ ။ ဘယ်ဟုတ်မလဲ။ နိုင်ငံရေး အရရော၊ ရုပ်ဝတ္ထုပစ္စည်း အရရော အမွေဆက်ခံတာပေါ့။ ၁၉၈၈ ခုနှစ်မှာပါ။ ဒီဘက်နှစ်တွေအခါကျတော့ ကျွန်တော်တို့က တစ်တိုင်းပြည်လုံး ဖွဲ့ထားတဲ့ ပါတီ ဖြစ်နေတယ်။ ကုန်ကျစရိတ်မနည်းဘူး။ ကုန်ကျစရိတ် မနည်းတဲ့အခါကျတော့ ပါတီကို ဆက်လက်ပြီး ရပ်တည်နိုင်ဖို့ ကြိုးပမ်းရတာရှိတယ်။ ကျွန်တော် တို့မှာ တစ်ခုပြောရဲတာကတော့ ကျွန်တော်တို့ပါတီ ဟာ ငွေစာရင်းတွေနဲ့ ပတ်သက်လို့ နှစ်စဉ် စာရင်း စစ်အဖွဲ့တစ်ခုကို ငှားပြီးတော့ စာရင်းစစ်တယ်။
မေး။ ။ အမွေဆက်ခံတဲ့ နေရာမှာ ဘဏ္ဍာငွေ အနေနဲ့ ဘယ်လောက်လောက် အမွေဆက်ခံလို့ ရခဲ့လဲ။ မှတ်မိသလောက် ပြောပြပေးပါ။
ဖြေ။ ။ ဒါတော့ ကျွန်တော်တို့က အဲဒီတုန်းက လူငယ်တွေပဲရှိသေးတယ်။ တိတိကျကျတော့ မပြောနိုင်ဘူး။
မေး။ ။အကြမ်းဖျဉ်းတော့ ပြောလို့ရမလား။
ဖြေ။ ။ ကျွန်တော်ထင်တယ်။ ၁၉၉ဝ ရွေးကောက်ပွဲ လုပ်တဲ့အခါ ကျတော့ ငွေကြေး၊ ပစ္စည်း၊ ယာဉ် ဒါတွေနဲ့ ပတ်သက်လို့ ရှင်းထုတ်ခဲ့တာတွေ ရှိပါတယ်။ ရှင်းထုတ် တယ်ဆိုတာက နည်းနည်းလေး သံသယရှိတာနဲ့ ဒီဟာက ပါတီ နာမည်ပေါက်ရဲ့လား။ ဖြစ်ရဲ့လား။ ဟိုတုန်းကတော့ အစိုးရနဲ့ပါတီနဲ့က ပစ္စည်းပိုင်းအရ သူ့စာရင်းနဲ့သူ ရှိ ပေမယ့်လည်း တော်တော်များများ ကို ကျွန်တော်တို့ သန့်စင်ခဲ့တယ်။ အဆောက်အဦတစ်ခုဟာ နည်း နည်း သံသယရှိတယ်ဆိုရင် ကျွန်တော်တို့က ပြန်ပေးလိုက်တယ်။ ဟိုတုန်းက ပါတီယူနစ်ရုံးတွေ သံသယရှိတယ်ဆိုရင် ပြန်ပေးလိုက် တယ်။ ငွေကြေးလည်း လုံးလုံးလျား လျား ခိုင်မာမှုမရှိဘူးဆိုရင် ကျွန်တော်တို့ ရှင်းထုတ်လိုက်တယ်။ ငွေကြေးနဲ့ပတ်သက်လို့ကတော့ ကျွန်တော် အတိအကျ မသိပါဘူး။
မေး။ ။ တိုင်းရင်းသားစည်း လုံးညီညွတ်ရေးပါတီဟာ ငွေကြေးတောင့်တင်းတဲ့ ပါတီလို့ တချို့က ပြောနေကြတယ်။ အဲဒီအပြောတွေအပေါ် ဘာများ တုံ့ပြန်ချင်ပါသလဲ။
ဖြေ။ ။ ထင်သလောက် မဟုတ်ပါဘူး။ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ငွေကြေးတွေက ကျွန်တော်တို့မှာ အကြောင်းအရာတစ်ခုနဲ့ စဉ်းစား ရတာရှိတယ်။ လုံးဝမစဉ်းစားဘဲနဲ့ နေလို့ရတဲ့ အနေ အထားတော့ ကျွန်တော်တို့မှာ မရှိပါဘူး။ ကျွန်တော်တို့ဟာ မဲဆန္ဒနယ်အားလုံးကိုတော့ ဝင်နိုင်မှာ မဟုတ်ပါဘူး။ လွှတ်တော်သုံးရပ်စလုံး အားလုံးပေါင်းလိုက်ရင် အမတ်နေရာက ထောင် ကျော်ရှိတယ်။ ၁၁ဝဝ ကျော်ကို ငါးသိန်းနဲ့မြှောက်ရင် ဘယ်လောက် ရှိမလဲ။ အဲဒီလောက်တော့ ကျွန်တော်တို့ပါတီက မသုံးနိုင်ဘူး။
မေး။ ။တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီရဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီအပေါ် သဘောထားကို ပြောပြနိုင်မလား။
ဖြေ။ ။ ဟိုတုန်းကလည်း ကြံ့ခိုင်ရေးပါတီ ထူထောင်မလားဆိုတာ ခင်ဗျားတို့ ဘယ်လို သဘောထားလဲဆိုပြီး မေးခဲ့ပါတယ်။ ပါတီထောင်တဲ့ ဥပဒေတော့ လာလိမ့်မယ်။ အဲဒီလိုလာလို့ အဲဒီဥပဒေနဲ့အညီ ဖွဲ့စည်း ဖြစ်ပေါ်လာတဲ့ပါတီ ဆိုရင် ကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီမှမဟုတ်ဘူး ... ဘယ်ပါတီဖြစ်ဖြစ် ကျွန်တော် တို့က လက်ခံတယ်။ ကျွန်တော်တို့ ကြိုဆိုတယ်။ ကျွန်တော်တို့ ပါတီစုံစနစ် ကို လက်ခံကျင့်သုံးနေတာဖြစ်တဲ့အတွက် ဘယ်ပါတီဖြစ်ဖြစ် ဥပဒေနှင့်အညီ ဖွဲ့စည်းတည်ထောင်တဲ့ ပါတီဆိုရင် ဘယ်ပါတီဖြစ်ဖြစ် ကျွန်တော်တို့လက်ခံတယ်။ ကြို ဆိုတယ်။ အဲဒီပါတီတွေကိုလည်းပဲ ပြိုင်ဘက်ပါတီအနေနဲ့ပဲ ကျွန်တော်တို့ သဘောထားပြီး ဆက်ဆံသွားမယ်ဆိုတဲ့ ဒီသဘောထား ဟိုတုန်းကတည်းက ကျွန်တော်တို့ချထားပြီးသား ဖြစ်ပါတယ်။
မေး။ ။တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီဟာ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ပြိုင်ဘက် ဖြစ်လာနိုင်တယ်လို့ ပြောနေကြတယ်။ အဲဒီစကားတွေကို ဘယ်လို ပြန်ရှင်းပြမလဲ။
ဖြေ။ ။ဖြစ်လာနိုင်ပါတယ်။ လောလောဆယ် သူတို့လည်း ပါတီထောင်တုန်း ရှိသေးတယ်။ မှတ်ပုံတင်နံပတ် ဘာတွေမကျသေးဘူး။ ထောင်ထားတယ်လို့တော့ ပြောတယ်။ သူတို့ပြောတာတွေကလည်း တစ်ပြည်လုံး အတိုင်းအတာနဲ့ ထူထောင် မယ်ဆိုတဲ့အခါကျတော့ ကျွန်တော်တို့နဲ့ အဓိက ပြိုင်ဘက်ဖြစ်လာနိုင်တဲ့အခြေ အနေ ရှိပါတယ်။ နောက်ပြီး ဦးသုဝေတို့ပါတီလည်းပဲ တစ်တိုင်းပြည်လုံး အတိုင်း အတာနဲ့ ဝင်ပြိုင်မယ်ဆိုပြီး ကျွန်တော်တို့ကြားတာရှိတယ်။ အခု ခင်ဗျားတို့ ဂျာနယ်တွေမှာ ဖော်ပြချက်အရ ကျွန်တော်တို့ကြည့်ရတာ တော့ ဘယ်တိုင်း၊ ဘယ်ပြည်နယ်မှာ ပြိုင်မယ်ဆိုပြီး စသည်ဖြင့် ပြောတာတွေတော့ ရှိပါတယ်။ အဲဒီနေရာ သူတို့နဲ့ ကျွန်တော်တို့ပြိုင်ဘက်ပါတီတွေ ဖြစ်လာမှာပေါ့။
မေး။ ။ အခု လူတွေ အတော်များများ ပြောနေကြတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲကို စိတ်မဝင်စားကြဘူး။ အဓိက ပြဿနာက လူတွေက ရာသီဥတုကြောင့်လည်း ပါတယ်။ လူတွေက ကိုယ်လုပ်မှ ကိုယ်စားရတာ။ နိုင်ငံရေး စိတ်မဝင်စားတော့ပါဘူးပေါ့နော်။ အဲဒီလိုလူတွေကို အန်ကယ် ဘာပြောမလဲ။ ဘယ်ပါတီပေါ်မှာမှ အယုံအကြည် မရှိတဲ့ သူတွေကိုလေ။
ဖြေ၊ ။ ဒါကတော့ သူတို့ အခွင့်အလမ်းအရတော့ သူတို့ ယုံကြည်ပိုင်ခွင့်ရှိ ပါတယ်။သို့သော် ကျွန်တော်တို့ ပါတီတွေအနေနဲ့ ပြောရမှာရှိပါတယ်။ ဒီမိုက ရေစီကို လူထုက သဘောကျပါတယ်။ ၈၈ ကိစ္စဆိုရင်လည်း ဒီမိုကရေစီကိုြေ<ွကးကြော်ပြီးတော့ ပြည်သူတွေက ဒီမိုကရေစီလိုလားတယ်၊ ပါတီစုံလို လားတယ် ..ဒီတောင်းဆိုချက်တွေနဲ့ အကောင်အထည်ဖော်ခဲ့လို့ ဒီခရီး ဒီလိုရှည်လာတာပဲ။ကောင်းပြီ ... ဒီမိုကရေစီလိုလားရင် ပြည်သူတွေ အနေနဲ့က ရွေးကောက်ပွဲဆိုတာ ဖြတ်ကျော်ရမယ့်လုပ်ငန်းတစ်ခုပဲ။ ရွေးကောက်ပွဲရှိမယ်။ ရွေးကောက်ပွဲ မှာ ပြည်သူတွေက ကိုယ့်ထမင်း ကိုယ်စား၊ အေးအေးပဲ နေမယ်ဆို တာမျိုး မဟုတ်ဘဲနဲ့ ရွေးကောက်ပွဲ မှာ မဲပေးတာဟာ ဒီမိုကရေစီကို ကာကွယ်ပေးတာပဲ။ အဲဒီနည်းနဲ့ ပြည်သူတွေက ဒီမိုကရေစီကို အကာ အကွယ်ပေးပါ။ တကယ်လို့ အဲဒီ နည်းကို မသုံးရင် ဒီမိုကရေစီဆိုနဲ့ ဆန့်ကျင် ဘက် ပြောင်းပြန်နည်းတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့က ဒါကတော့ နိုင်ငံရေးပါတီတွေနဲ့ ဆိုင်တာပဲ ဆိုတဲ့ကိစ္စမျိုး၊ တို့နဲ့မဆိုင်ဆိုတာမျိုး မဟုတ်ဘဲနဲ့ ဒီရွေးကောက်ပွဲမှာ ပြည်သူတွေက မဲပေးခြင်းအားဖြင့် ဒီအယူအဆ၊ ဒီသဘောထားတွေ လက်ခံလာအောင်အများကြီးလုပ်ရမှာပါ။ ဒါလည်း ကျွန်တော်တို့ လှုပ်ရှား ဆောင်ရွက်နေတဲ့သဘောရှိပါတယ်။ ဒါက တစ်ချက်။ ကျွန်တော်တို့ တင် မဟုတ်ဘူး။ခင်ဗျားတို့ မီဒီယာ တွေကလည်း ဒါနဲ့ပတ်သတ်ပြီး အများကြီး တာဝန်ရှိတယ်။ ဟိုတစ်ခါ ကျွန်တော်ပြောပြသလိုပဲ စတုတ္ထမဏ္ဍိုင်ပဲ။ စတုတ္ထမဏ္ဍိုင်ဆိုတာက ဥပဒေပြုတဲ့မဏ္ဍိုင်၊ အုပ်ချုပ်တဲ့မဏ္ဍိုင်၊ တရားစီရင် တဲ့မဏ္ဍိုင် ... ဒီမဏ္ဍိုင်သုံးခုကို ခိုင်ခိုင်မာမာရပ်တည်ပြီး ထောက်ကန်ဖို့က ဒီစတုတ္ထမဏ္ဍိုင်က အများကြီး အရေးကြီးပါတယ်။ နောက်တစ်ခုကလည်း ပြည်သူလူထုနဲ့ အများကြီးဆက်စပ်နေတဲ့ဟာ ဖြစ်ပါ တယ်။ အခုတစ်ခါလည်းပဲ ကျေးလက်တိုင်းမှာပါ သတင်းစာထဲမှာတွေ့နေရတာက စာကြည့်တိုက်တွေ ဘာတွေ ဖြစ်လာပြီး လုပ်လာတဲ့အခါကျတော့ ပြည်သူတွေဆီကို ဘာပဲပြောပြော ပြည်သူတွေဆီကို ဂျာနယ်တွေ ရောက်တဲ့အခြေအနေရှိလာတယ်။ ဘောလုံးပွဲ ဂျာနယ်တွေက အစ ရောက်လာတယ်။ ကျန်တဲ့ဟာတွေ အများကြီး ရောက်လာ တာတွေရှိတာပဲ။ အဲဒီမှာလည်းပဲ ဂျာနယ်တွေကနေ ပြီးတော့ မီဒီယာတွေက နေပြီးတော့ ပြည်သူတွေကို ဒီဟာလေးတွေနဲ့ ပတ်သတ်လို့သက်ဝင်လာအောင်၊ ဖြစ်လာအောင် ဓါတ်ပုံကြည့်ရင်းနဲ့ကို ဒီအထဲမှာ လှုပ်ရှားမှုတွေကို ကြည့်သွား ခြင်းအားဖြင့်လည်း ပြည်သူတွေထဲမှာ တို့မှာ ဒီလိုတာဝန်ရှိပါလား၊ ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးတဲ့တာဝန်ပါလား၊ တို့တာဝန်ပါလား။ ဒါက တစ်ချက်ပါ။ နောက်တစ်ခုက ပြည်သူတွေ အနေနဲ့က သူများဆုံးဖြတ်တာတွေ သူတို့ လိုက်နာပြီးလုပ်ခဲ့ရတာ။ ဒီတစ်ခါ သူဆုံးဖြတ်ရမှာ။ သူ့အလှည့်ပဲ။ ကိုယ့် အလှည့်ကျတဲ့ ဒီတာဝန်ကိုတော့ ခိုင်ခိုင်မာမာတာဝန်ယူပါဆိုတဲ့ဟာကို ပြော ချင်ပါတယ်။ အဲဒါကို လက်မ လွတ်စေချင်ဘူး။အဲဒါဟာ ကျွန်တော်တို့ ပါတီရဲ့သဘောထားပဲ။
မေး။ ။လွှတ်တော် သုံးရပ်လုံးကို ဝင်ပြိုင်မယ်။ မဲဆန္ဒနယ်အကုန် မဝင်ပြိုင်ဘူးဆိုတဲ့ သဘောက။
ဖြေ။ ။ လွှတ်တော် တစ်ခုစီမှာ အရေအတွက်တစ်မျိုးစီပဲ။ အခု လွှတ်တော်က ပြည်သူ့လွှတ်တော် ရှိတယ်လေ။ အမျိုးသားလွှတ်တော်၊ တိုင်းနဲ့ပြည်နယ် လွှတ်တော်ရှိတယ်။ သုံးခုရှိတယ်။ ပြည်သူ့လွှတ်တော်မှာက ပြည်သူ တွေက ရွေးချယ်ပေးမှာက ၃၃ဝ ရှိ တယ်။ အမျိုးသားလွှတ်တော်မှာက ပြည်သူက ရွေးချယ်ပေးရမှာက ၁၆၈ ယောက်ရှိတယ်။ ပြည်နယ်နဲ့တိုင်း လွှတ်တော်မှာက တစ်မြို့နယ် နှစ်ယောက်။ ၃၂၅ မြို့နယ်ဆိုတော့ ၇၅ဝ။ ပေါင်းကြည့်လိုက်ရင် တစ်ထောင်ကျော်နေပြီဗျ။ တပ်မတော်ထဲက ပါသေးတယ်။ တပ်မတော်မပါဘဲ နဲ့တောင် ၁ ထောင်ကျော်။ အဲဒီ ၁ ထောင်ကျော်ကို ကျွန်တော်တို့က ဝင်ဖို့ဆို တာက ငွေရေးကြေးရေးက အများကြီး စဉ်းစားရမယ့် အချက်အလက်ဖြစ်လာ တယ်။ ဟိုတုန်းကတော့ ဒါက သိပ်အလေးအနက်မဖြစ်ဘူးလေ။ဘာလို့ အလေးအနက် မဖြစ်သလဲဆိုတော့ ၁၉၉ဝ ပြည့်နှစ်တုန်းက ၂ သောင်းပဲ ပေးရတယ်။ ၂ သောင်း Deposit။ ဥပမာ ခင်ဗျားအနေနဲ့ဝင်ပြိုင်မယ်။ ဝင်ပြိုင် လို့ ၁၂ ရာခိုင်နှုန်းကျော်ရရင် အဲဒီ ရွေးကောက်ပွဲကို ခင်ဗျားနိုင်နိုင်၊ မနိုင်နိုင် ဒီ ၂ သောင်းကို ခင်ဗျား ပြန်ပေးတယ်။ အခုဟာက အရပ်စကားနဲ့ပြောရရင် အပျောက်ပေးလိုက်ရမှာ။ တကယ်လို့ ကျွန်တော်တို့က အကုန်လုံးဝင်ပြိုင်ရင် သိန်း(၆)ထောင်လောက် ကျွန်တော်တို့ အပျောက်ပေးလိုက်ရမှာ။ ကျွန်တော်တို့ နိုင်ငံရေးပါတီတစ်ရပ်အနေနဲ့က သိန်း ၆ ထောင်လောက်ဆိုတာက ခင်ဗျား တွက်ကြည့်။ 
မင်းအောင်အောင်
      
       တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကို အောက်ပါပုဂ္ဂိုလ်များဦးဆောင်မည်
       တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီသည် ၁၉၉ဝ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယခု လည်း ၂ဝ၁ဝ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အတော်များများကို ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုတင်ပြင်ဆင်မှု များ ပြုလုပ်နေပြီဖြစ်သည်။ ပါတီကို ဦးဆောင်သူများသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် လှုပ်ရှားဆောင်ရွက်ခဲ့သူများဖြစ်ပြီး အများစုမှာ ယနေ့အချိန်တွင် အသက်(၆ဝ)ကျော်တန်းများနှင့် အသက် (၈ဝ)ကျော်တန်းများ ဖြစ်နေပေပြီ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ ပါတီလမ်းစဉ်အမွေနှင့် ရုပ်ဝတ္ထုပစ္စည်း အမွေများကို ဆက်ခံခဲ့သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီသည် ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဝင်(၂၃)ဦးဖြင့် ဖွဲ့စည်းထားကြောင်း ပါတီပြောခွင့်ရသူ ဦးဟန်ရွှေမှ လျှပ်တစ်ပြက်သတင်းဂျာနယ်သို့ ပြောဆို သည်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားကြောင်း ဦးဟန်ရွှေမှ တရားဝင်ပြောဆိုသွားသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဗဟိုကော်မီတီစာရင်း 


စဉ်
အမည်
ယခင်ရာထူး
ယခုပါတီတာဝန်
ဦးထွန်းရီ
ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း)
ဥက္ကဋ္ဌ
ဦးသန်းတင်
ဒု-ဝန်ကြီးချုပ်၊ သတ္တုတွင်းဝန်ကြီး
အထွေထွေအတွင်းရေးမှူး

ဦးခင်မောင်ကြီး
ကုန်သွယ်ရေးဝန်ကြီး
တွဲဖက်အထွေထွေအတွင်းရေးမှူး
ဦးချစ်လှိုင်
ဒုကာကွယ်ရေးဦးစီးချုပ်-ရေ(ငြိမ်း)
ဗဟိုအလုပ်အမှုဆောင်ကော်မတီနိုင်ငံခြားရေးဝန်ကြီး
ဦးလှထွန်း
ဗိုလ်မှူးချုပ်(ငြိမ်း)
ဗဟိုအလုပ်အမှုဆောင်ကော်မတီဆောက်လုပ်ရေးဝန်ကြီး
သူရဦးစောဖြူ
ဒုကာကွယ်ရေးဦးစီးချုပ်-လေ(ငြိမ်း)၊ သယ်ယူပို့ဆောင်ရေးဝန်ကြီး
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
ဦးထွေးဟန်
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အတွင်းရေးမှူး
ဦးသိန်းငွေ
ဗိုလ်မှူးကြီး(ငြိမ်း)
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
ဦးဗန်ကူး
ဗိုလ်မှူးကြီး(ငြိမ်း)
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၁၀
ဦးစောကျော်ခင်ဝင်း
ဒုတိယဗိုလ်မှူးကြီး(ငြိမ်း)
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၁၁
ဦးထွန်းရင်လော
ဒုတိယဗိုလ်မှူးကြီး(ငြိမ်း)
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၁၂
ဦးခင်မောင်ကျော်
အငြိမ်းစားဗိုလ်မှူးချုပ်
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၁၃
ဦးအေးစံ
ဗိုလ်မှူးချုပ်(ငြိမ်း)
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၁၄
ဦးသန်းလှ
ဗိုလ်မှူးကြီး(ငြိမ်း)
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၁၅
ဦးစိန်ရ
ဒုဝန်ကြီး(သယ်ယူပို့ဆောင်ရေး-ငြိမ်း)
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၁၆
ဦးအောင်ဝင်း
မွေး/ရေဒုဝန်ကြီး၊ ဗိုလ်မှူးကြီး(ငြိမ်း)
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၁၇
ဦးမြမောင်

ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၁၈
ဒေါ်မေမေအောင်

ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၁၉
ဦးဟန်ရွှေ

ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၂၀
ဦးထွန်းရီ

ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၂၁
ဦးစိန်အောင်
ဗိုလ်မှူးကြီး(ငြိမ်း)
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၂၂
ဦးဖေလိန်းမောင်

ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၂၃
ဦးရဲဝင်း
ဗိုလ်မှူးကြီး(ငြိမ်း)
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
မင်းအောင်အောင်

0 comments:

Post a Comment